ဝမ်းတွင်း ၁၉ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင် နိုင်ငံတကာအဆင့်နှင့်အညီ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ လေ့ကျင့်သရုပ်ပြခြင်းကို ယနေ့နံနက်ပိုင်းက ဝမ်းတွင်းမြို့ သဲတောလွတ်လပ်ရေးကွင်းအတွင်း၌ ဝမ်းတွင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ ဆောင်ရွက်ခဲ့ကြသည်။
ဝမ်းတွင်းမြို့ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ လေ့ကျင့်သရုပ်ပြခြင်းကို မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦးဖြင့် ငလျင်နှင့်ပတ်သတ်သော သတင်းရရှိမှုအား စစ်ဆေးလေ့လားခြင်း တပ်စိတ်များခွဲ၍ လုပ်ငန်းအဆင့်ဆင့် တာဝန်အသီးသီးခွဲဝေကာ ငလျင်ကြောင့် ပျက်စီးမှုများအား ရှာဖွေခြင်း/ကယ်တင်ခြင်းနှင့် ရှင်းထုတ်ခြင်းများကို ပြည်သူများသိရှိနားလည်စေရန် လေ့ကျင့်သရုပ်ပြသခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သရုပ်ပြခြင်းကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်မှ အဆင့်ဆင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် နိုင်ငံတကာအဆင့်နှင့်အညီ လေ့ကျင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
ဝမ်းတွင်းမြို့နယ်သည် ငလျင်ကြောင့်ဖြစ်ပေါ်နေသော စစ်ကိုင်းပြတ်ရွေ့ကြောတွင် မိတ္ထီလာခရိုင် လေးမြို့နယ်၌ ဝမ်းတွင်းမြို့သည် ငလျင်ဘေးအန္တရာယ်အတွက် စိုးရိမ်ရသော မြို့တစ်မြို့ဖြစ်ကြောင်း မိတ္ထီလာခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းထံမှ သိရသည်။
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ လေ့ကျင့်သရုပ်ပြပွဲသို့ မိတ္ထီလာခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်ဆန်း/ ဝမ်းတွင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့် မြို့နယ်ရဲတပ်မှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ/ သဲတော အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ / ဆရာမများ / သဲတော ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖများ စုစုပေါင်းအင်အား ၅၀ဝ ခန့် တတ်ရောက်ခဲ့သည်။
ဘိုဘို(မလှိုင်)


