နေပြည်တော်   ၁၉    စက်တင်ဘာ 


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာန နေပြည်တော်ခုတင် ၁၀ဝ၀ ဆေးရုံ စီမံကိန်းဧရိယာတွင် သိမ်းဆည်းခံရသော လယ်ယာမြေများအတွက် မြေယာလျော်ကြေးပေးအပ်ခြင်းအား ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး စည်းဝေးခန်းမတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး ခုတင် ၁၀ဝ၀ ဆေးရုံအုပ်ကြီး ပူးတွဲတာဝန်ဒုတိယဆေးရုံအုပ်ကြီးဒေါက်တာအောင်လင်းအေးက သိမ်းဆည်းခံလယ်ယာမြေများအတွက် နစ်နာကြေးပေးလျော်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ နစ်နာသူတောင်သူများအား သိမ်းဆည်းခံဧကအလိုက် နစ်နာကြေးများ ပေးအပ်ခဲ့သည်။ ယနေ့ပြုလုပ်သည့် နေပြည်တော် ခုတင် ၁၀ဝ၀ ဆေးရုံစီမံကိန်း ဧရိယာတွင် သိမ်းဆည်းခံတောင်သူ(၂၁)ဦး၊ ဧက(၉၈)အတွက် မြေယာနစ်နာကြေး ငွေကျပ်သိန်း (၉၉၅)အား ပေးလျော်ခဲ့ကြောင်း သိရသည်။


ခင်ဇော်(မင်္ဂလာ) ၊မောင်ယဉ်ဦး(ဒလ)

 

mdn