ပွင့်ဖြူ ၁၉ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်အတွင်း ငါးသယံဇာတ ဖူလုံစေရန်အတွက် ဧရာဝတီမြစ်အတွင်း ငါးမြစ်ချင်းကောင်ရေလေးသိန်း ငါးမျိုးစိတ်စိုက်ထည့်ပွဲကို ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် သံကိုင်း ကျေးရွာအနီး ဧရာဝတီမြစ်ဆိပ်တွင် ကျင်းပသည်။
အဆိုပါ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိတ်စိုက်ထည့်ပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးမှူး ဦးစိုးထွန်းနှင့် ဝန်ထမ်းများ၊ သံကိုင်းကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ကျေးရွာနေပြည်သူများ၊ သိမ်ကုန်းကျေးရွာ မြစိမ်းရောင်ငါးကဏ္ဍမှ ဒေသခံကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ဧရာဝတီမြစ်အတွင်း ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေလေးသိန်းအား တစ်ပျော်တစ်ပါး စိုက်ထည့်ပေးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း ပြည်သူများ ငါးစားသုံးရာတွင် ငါးသယံဇာတ ဖူလုံစေရန်၊ ရေရှည်ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်၊ ဆင်းရဲနွမ်းပါးမှု ပပျောက်စေရန်နှင့် ငါးထုတ်လုပ်မှု တိုးတက်မြင့်မားပြီး ဒေသခံကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် မြို့နယ်အတွင်းရှိ မြစ်ချောင်းများ၊ ဆည်ကန်များ၊ စပါးစိုက်ခင်းများနှင့် ကြီးအုံကြီးဝတမံတို့တွင် ငါးမျိုးစိတ်စိုက်ထည့်ခြင်းများကို နှစ်စဉ် ပြုလုပ်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးစိုးထွန်း ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


