ဖလမ်း ၁၉ စက်တင်ဘာ
ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် ပြည်နယ် စာရင်းစစ်ချုပ် ဦးလာလ်တင်မန်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက ဖလမ်းမြို့နယ်တွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေးသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလေး-ဖလမ်း-ဟားခါးလမ်း မိုင်တိုင်အမှတ် ၆၈/၅ တွင် ဆောက်လုပ်လျက်ရှိသည့် ဗားရ်အရံတံတား ဆောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တံတားဆောက်လုပ်ရေးအဖွဲ့ တာဝန်ရှိသူများက တံတားဆောက်လုပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
အဆိုပါတံတားသည် လက်ရှိအသုံးပြုလျက်ရှိသည့် ဗားရ်တံတားမှ ပေ ၁၀ဝ၀ ခန့်အကွာတွင် ဆောက်လုပ်ပြီး အရှည်( ၅၅၇.၇၇ )ပေ၊ အကျယ်ပေ ၃၀ ဖြင့် ဆောက်လုပ်လျက်ရှိကာ တံတားခံနိုင်ဝန်သည် AASHTO HS-25 ရှိမည်ဖြစ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်ချောင်း-ဝေဘူလ-ဗားရ်လမ်း ကီလိုမီတာ( ၂၅.၅-၂၆.ဝ)ကြားတွင် ဆောက်လုပ်လျက်ရှိသည့် ဘုတ်ဗားရ်တံတား ဆောက်လုပ်နေမှု အခြေအနေများကို စစ်ဆေးသည်။ အဆိုပါတံတားသည် အရှည် ပေ(၁၀ဝ)၊ အကျယ် ပေ(၃၀)ဖြင့် ဆောက်လုပ်လျက်ရှိပြီး တံတားခံနိုင်ဝန်မှာ AASHTO HS-25 ရှိမည်ဖြစ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်ချောင်း-ဝေဘူလ-ဗားရ် လမ်းပိုင်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြင့်တင်ဆောင်ရွက်ရန် လျာထားချက်များကို စစ်ဆေးပြီး ဝေဘူလမြို့သို့ရောက်ရှိကာ ဝေဘူလမြို့ဒေသခံပြည်သူများနှင့် နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၌ တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက် လာကြသည့် ဒေသခံပြည်သူများက ဒေသလိုအပ်ချက်များကို တင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်နယ် ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဝေဘူလမြို့၊ နယ်မြေမီးသတ်စခန်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်


