မန္တလေး ၁၉ စက်တင်ဘာ
Yunnan International Non- Government Organization Society(INGOS)နှင့် ရန်ကုန် Nobel Language Center တို့ပူးပေါင်းဆောင်ရွက်သည့် မန္တလေးမြို့တွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ပေါင်း ၄၀ အား တစ်ကျောင်းလျှင် ၄၃ လက်မအရွယ် LED TV တစ်လုံးနှင့် sky net တစ်စုံ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီက ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်ရှိ မြတဘက် စောမွန်လှ ပေါ်တော်မူ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်အနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ဖောင်တော်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်း ပဓာန နာယက ဆရာတော် ဦးဇဋိလထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ပရိတ်တရားတော်မြတ်များကို နာယူကြသည်။
ထို့နောက် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ဦးကျော်ရင်မှ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ တို့အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရေးနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ပညာသင်ကြား နေကြသည့် ကျောင်းသားကျောင်းသူများ ပြင်ပသတင်းအချက်အလက်များကို ပိုမိုသိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ လှူဒါန်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အလှူရှင် INGOS မှ ရန်ကုန်ရုံးတာဝန်ခံ Ms Liu Jia ကလည်း အဆိုပါအစီအစဉ်ဖြင့် ၂၀၁၇ ခုနှစ်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပေါင်း ၂၃၄ ကျောင်းအတွက် TVနှင့် sky net စက်များကို လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း ယခု မန္တလေးတွင် ဆောင်ရွက်သည့် လှူဒါန်းမှု အစီအစဉ် ဖြစ်မြောက်ရေးအတွက် အားပေးထောက်ခံ ကူညီပေးကြသည့် တရုတ်- မြန်မာ နှစ်နိုင်ငံမှ သက်ဆိုင်ရာဌာန တာဝန်ရှိသူများအား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီးအစိုးအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်နှင့် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်တို့မှ ဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဆရာတော်အား TV နှင့် sky net တစ်စုံအား ဆက်ကပ်လှူဒါန်းခဲ့ပြီး ကျန်ဘုန်းတော်ကြီးသင်ကျောင်းများအတွက်လည်း TV နှင့် sky net တစ်စုံတို့အား အလှူရှင်များမှ ဆက်လက် လှူဒါန်းခဲ့ကြသည်။
ထို့နောက် မြတဘက် စောမွန်လှ ပေါ်တော်မူ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆရာတော် ဘဒ္ဒန္တ ရာဇိန္ဒထံမှ အနုမောဒနာတရား နာကြားပြီး လှူဒါန်းမှုအတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


