နေပြည်တော် ၁၉ စက်တင်ဘာ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်) ကူမား နှင့် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌တွေ့ဆုံသည်။
တွေ့ဆုံစဉ် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား သဘာဝဘေးဒဏ်ခံ အဆောက်အအုံ ဆိုင်ရာ မိတ်ဖက်ဆောင်ရွက်ရေး (Coalition for Disaster Resilient Infrastructure-CDRI) အဖွဲ့အစည်းတည်ထောင်နိုင်ရန် အဖွဲ့ဝင်များသတ်မှတ်နိုင်ရေး၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင် ရေးကိစ္စ၊ CDRI အကောင်အထည်ဖော်လည်ပတ်နိုင်ရေးအတွက် Secretariat Fund၊ Trust Fund တည်ထောင်နိုင်ရေးကိစ္စ၊ နှစ်နိုင်ငံနယ်စပ်ဒေသရှိ သဘာဝတောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးနှင့် တရားမဝင်သစ် ကူးသန်းရောင်းဝယ်မှု တားဆီးခြင်း ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။
(သတင်းစဉ်)


