နေပြည်တော် ၁၉ စက်တင်ဘာ
(၁၆) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေး ကဏ္ဍပေါင်းစပ် ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဖြစ်ပွားခဲ့သည့်သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များတွင် ကျန်းမာရေးကဏ္ဍ ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ ကျန်းမာရေး ကဏ္ဍပေါင်းစပ် ညှိနှိုင်းရေးကော်မတီအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးကဏ္ဍ တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းများကို ပြန်လည်ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်၍ အားသာချက်၊ အားနည်းချက်နှင့် လိုအပ်ချက်များကို ဖော်ထုတ်ကာ နောင်ကြုံတွေ့နိုင်သည့် ဖြစ်စဉ်များတွင် အားဖြည့်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယခုအစည်း အဝေး၌ ကော်မတီတွင်ပါဝင်သော အဖွဲ့အစည်းများအနေဖြင့် ဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များ ပိုမိုအဆင်ပြေချောမွေ့စေရေး အတွက် အကြံပြုချက်များပေးခြင်း၊ အဖွဲ့အစည်းများအကြား အတွေ့အကြုံဝေမျှခြင်းနှင့် လိုအပ်ချက်များကို ဝန်ကြီးဌာနထံသို့ တင်ပြပေးရန်လိုအပ်ကြောင်း ပြောကြားသည်။
အဆိုပါ အစည်းအဝေးတွင် Access to health, ADB, World Bank, UK AID, JICA နှင့် USAID အဖွဲ့များမှ မြန်မာနိုင်ငံသို့ ပံ့ပိုးပေးအပ်နေမှုများ၏ နောက်ဆုံးအခြေအနေ (update) များကို တင်ပြခဲ့ပြီးတာဝန်ရှိသူများမှ အသီးသီးရှင်းလင်းတင်ပြဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြကာ တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြသည်။
(သတင်းစဉ်)


