နေပြည်တော် ၁၉ စက်တင်ဘာ
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေ အား သိရှိစေရန်နှင့် မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာ ဗျူဟာ(မူကြမ်း) ရေးဆွဲနိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့် အရေးဆိုင်ရာမဟာဗျူဟာနှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
ညှိနှိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေကို တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ပိုမိုသိရှိနိုင် ရေး အသိပညာပေးခြင်းနှင့်အတူ တိုင်းရင်းသားများ၏ ဆန္ဒသဘောထားများကို စစ်တမ်း ကောက်ယူခဲ့ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက် သည့် နည်းဥပဒေများ ထုတ်ပြန်နိုင်ရေးကို ၂၀၁၇ ခုနှစ်ကစပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဩဂုတ် ၂၃ ရက်တွင် ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊ တိုင်းရင်းသားရေးရာ ကိစ္စရပ်များ အကောင်အထည်ဖော်ရန် လမ်းပြမြေပုံဖြစ်လာမည့် မဟာဗျူဟာတစ်ရပ် ပေါ်ထွက်လာရေး၊ အဆိုပါ မဟာဗျူဟာ နှင့်အတူ နှစ်အလိုက် အကောင်အထည်ဖော် မည့် Action Plans လုပ်ငန်းစီမံချက်များ ဖော်ထုတ်ရေးဆွဲနိုင်ရေး ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံသည် မတူကွဲပြားခြားနားသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် အတူ တကွ စုစည်းနေထိုင်ကြသည့် နိုင်ငံတစ်ခုဖြစ်သည်နှင့်အညီ တိုင်းရင်းသားလူမျိုးများ သည် တန်းတူညီမျှသော နိုင်ငံသားအခွင့်အရေးများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့် အရေးများကို အပြည့်အဝရရှိခံစားရန် လိုအပ်ပါကြောင်း၊ မဟာဗျူဟာပါ ဦးစားပေး လုပ်ငန်းများကို နှစ်အလိုက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်နှင့်အညီ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအကြား ဖွံ့ဖြိုးမှုကွာဟမှုရှိသည်ဟု ခံစားရမှုများ လျော့ပါးစေပြီး ရင်ဆိုင်နေရဆဲဖြစ်သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ အမြန်ဆုံး အဆုံးသတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အဖြစ် တည်ထောင်နိုင်ရန် အလားအလာကောင်းများ ဖန်တီးတည်ဆောက်ရာတွင် အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားရေးရာ အခြေခံအချက်များ စစ်တမ်းကောက်ယူခြင်းမှ ရလဒ်များအပေါ်အခြေခံ၍ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုး များ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ(မူကြမ်း)ရေးဆွဲရာ၌ ပါဝင်သင့်သော လုပ်ငန်း များပြည့်စုံနိုင်ရေး အကြံပြုညှိနှိုင်းဆွေးနွေးပေးကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးလှမော်ဦးက ညှိနှိုင်းဆွေးနွေးမှုမှ ရလာသော Out Come များ၊ တိုင်းရင်းသားများ၏ ဆုံးဖြတ်ချက်များကို မှတ်တမ်းများအဖြစ် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားရေးရာကိစ္စရပ်များကို နည်းဥပဒေဖြင့် ဆောင်ရွက်ရာတွင် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ ဦးစီးမှူးများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်) ဖွံ့ဖြိုးရေးအတွက် National Ethnic ကို အခြေခံသော လမ်းကြောင်း အတိုင်း စနစ်တကျ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားပွဲတော်များကို ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာတွင် နိုင်ငံတော်အဆင့် ကျင်းပနိုင်ရေး နိုင်ငံတော်၏ လိုအပ်ချက်အတိုင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ဌာနဆိုင်ရာတာဝန်ရှိသူများက တိုင်းရင်းသားရေးရာ အခြေခံအချက်များ စစ်တမ်းကောက်ယူခြင်းဆိုင်ရာ စီမံချက် စစ်တမ်းရလဒ် အစီရင်ခံစာနှင့် မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ဆိုင်ရာ မဟာဗျူဟာ(ကနဦးမူကြမ်း)တို့ကို ရှင်းလင်းတင်ပြကြပြီး ဆွေးနွေးပွဲသို့ တက် ရောက်လာကြသူများက ဦးစားပေးလုပ်ငန်း နယ်ပယ်များအလိုက် ဆောင်ရွက်သွားရမည့် လုပ်ငန်းများကို ဆွေးနွေးကြသည်။
မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာနှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခြင်းအားဖြင့် တိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာန၏ မဏ္ဍိုင်ကြီးတစ်ခုဖြစ်သည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ တိုင်းရင်းသားအခွင့်အရေးများအား ကာကွယ် စောင့်ရှောက်ရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ် များအား နည်းဥပဒေများနှင့်အညီ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပြီး “မြန်မာနိုင်ငံ တိုင်းရင်း သားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာမဟာဗျူဟာ”ကို ကနဦး ရေးဆွဲအတည်ပြုနိုင် မည်ဖြစ်ကာ အနာဂတ်ကာလတွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်စဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၁၉ ရက်မှ ၂၀ ရက်အထိ ကျင်းပသွား မည်ဖြစ်ပြီး စက်တင်ဘာ ၂၀ တွင် တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် နည်းဥပဒေများနှင့်စပ်လျဉ်း၍ ရှင်းလင်းခြင်း၊ ပြည်ထောင်စုတိုင်းရင်း သားကျေးရွာ(ရန်ကုန်)၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆက်လက်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ယနေ့ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များမှ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဦးစီးအဖွဲ့များမှ ဥက္ကဋ္ဌနှင့်ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီဝင်နှင့် ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့်ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီမှ ကော်မတီဝင်များ၊ အမျိုးသား လွှတ်တော် တိုင်းရင်းသားရေးရာကော်မတီမှ ကော်မတီဝင်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းရင်း သားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)


