နေပြည်တော် ၁၉ စက်တင်ဘာ
မော်လ်ဒိုက်နိုင်ငံ၌ ကျင်းပနေသည့် International Future Series ကြက်တောင်ပြိုင်ပွဲ တတိယနေ့ကို ယနေ့ ဒေသစံတော်ချိန် ညနေပိုင်းက ဆက်လက်ကျင်းပရာ မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ကွာတားဖိုင်နယ် တက်ရောက်သွားသည်။
သက်ထားသူဇာသည် ယင်းပြိုင်ပွဲတွင် ဆီဒင် ၁ သတ်မှတ်ခံရပြီး ဒုတိယအဆင့်မှ စတင်ကစားခဲ့ရသည်။ သက်ထားသူဇာသည် တရုတ်တိုင်ပေကစားသမား ရီရှီကျိုနှင့် တွေ့ဆုံခဲ့ပြီး နှစ်ပွဲပြတ်အနိုင်ရခဲ့သည်။
သက်ထားသူဇာသည် လက်ရည်အသာဖြင့် ကစားကာ ၂၁-၈ မှတ်၊ ၂၁-၁၆ မှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ကွာတားဖိုင်နယ်တွင် သီရိလင်္ကာကစားသမား သီလီနီနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ကွာတားဖိုင်နယ်ပွဲစဉ်များကို စက်တင်ဘာ ၂၀ ရက် တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။သက်ထားသူဇာသည် ၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်