ဖားကန့် ၂၀ စက်တင်ဘာ
ကချင်ပြည်နယ် ဖားကန့်မြို့နယ်လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာ၌ ဂြိုဟ်တုအစိတ် အပိုင်းအစဟု ယူဆရနိုင်သည့် သတ္တုလုံးတစ်ခုပြုတ်ကျမှု ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ “သတ္တုလုံးကျတဲ့ မှော်ပုံရွာက ဦးအေးကျော်ရဲ့အိမ်နောက် အုတ်ရေကန်အမိုး ထိသွားတယ်။ ထိပြီး အိမ်နောက်ဘက်ချောင်းထဲ ကျတာ။ ကျကျချင်းက အနားသိပ်ကပ်လို့မရဘူး ညှော်နံ့တအားပြင်းလို့၊ ပူလည်းပူတယ်” ဟု လုံးခင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ ကိုကျော်သူရက ပြောသည်။
“ ခုချိန်ထိတော့အမည်မသိ သတ္တုလုံးပါ။ ထိပ်အဝက ၆ ပေခန့်၊ အောက်ဘက်အဝက ၁၀ ပေခန့်နဲ့အလျား ၁၆ ပေခန့်လောက် ရှိပါတယ်” ဟု လုံးခင်းကျေးရွာမှ သွားရောက်ကြည့်ရှုခဲ့သူ ဦးနိုင်မိုးက ပြောသည်။
သတ္တုလုံးပြုတ်ကျမှုကြောင့် တစ်ဦး တစ်ယောက်မျှ ထိခိုက်မိခြင်း မရှိဘဲလက်ရှိတွင် မည့်သည့်နေရာမှ ကျလာသည်ကို စုံစမ်းဆဲဖြစ်ပြီး လေယာဉ် (သို့) ဂြိုဟ်တုအစိတ်အပိုင်းဟု ယူဆရနိုင်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
အဆိုပါ သတ္တုလုံးမှရရှိသော သတ္တုအပိုင်းအစအချို့အား အများပြည်သူ အန္တရာယ်မဖြစ်ပွားစေရေးအတွက် နယ်မြေခံတပ်မှ သိမ်းဆည်းထားပြီး သတ္တုလုံးအား ထပ်မံသိမ်းဆည်း သယ်ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အလားတူ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်ကလည်း ဖားကန့်မြို့နယ် မှော်စီစာကျေးရွာ၏ အနောက်ဘက်တစ်မိုင်ခန့်အကွာ ချောင်းအနီးကွင်းပြင်တွင် ကောင်းကင်မှအမည်မသိ သတ္တုလုံး ကျရောက်ခဲ့မှု ဖြစ်ပွားခဲ့သေးကြောင်းသိရသည်။
တာလင်းမောင်(ပြန်/ဆက်)


