မန္တလေး - ၂၀ စက်တင်ဘာ
လင်းပိုင်ထိန်းသိမ်းရေးဧရိယာ (ဧရာဝတီမြစ်) မန္တလေး-ဗန်းမော် အထိပူးပေါင်းအဖွဲ့ဖြင့် တစ်လလျှင် နှစ်ကြိမ်ပုံမှန်ကင်းလှည့်ဆောင်ရွက်နေသဖြင့် လျှော့တိုက်ငါးဖမ်းမှုများ လျော့နည်းလာသည်ဟု WCS မှ လင်းပိုင်ထိန်းသိမ်းရေး ဦးကျော်လှသိန်းကပြောသည်။
လျော့တိုက်ငါးဖမ်းမှုများကြောင့် ဧရာဝတီလင်းပိုင်များ သေဆုံးမှုများရှိနေသဖြင့် ငါးလုပ်ငန်းဦးစီးဌာန၊ WCS ( သားငှက်ထိန်းသိမ်းရေး) နှင့် ရေကြောင်းရဲတပ်ဖွဲ့ခွဲ(မန္တလေး)တို့ ပူးပေါင်းအဖွဲ့သည် လင်းပိုင်ထိန်းသိမ်းရေး ဧရိယာ မြစ်ကြောင်းတလျောက် ကင်းလှည့်ခြင်း၊ ပညာပေးခြင်းတို့ဆောင်ရွက်နေသည်ဟုဆိုသည်။
“ရှားပါးဧရာဝတီလင်းပိုင်တွေ သေဆုံးမှုမှာ လျှော့တိုက်ခံရတာတွေ တွေ့ရတယ်။ အရင်က နေ့ဘက်မှာတောင် လျှော့တိုက်ငါးဖမ်းကြတယ်။ ရေကြောင်းရဲတပ်ဖွဲ့ပါလာပြီး အင်အားကောင်း လာသလို ပညာပေးနဲ့ ဖမ်းဆီးအရေးယူတာတွေ လုပ်တော့ ကျနော်တို့လာရင် ထွက်ပြေးကြတယ်။ ခု နောက်ပိုင်း မှာ တော်တော် လျော့ပါးသွားပြီ”ဟု WCS မှ လင်းပိုင်ထိန်းသိမ်းရေး ဦးကျော်လှသိန်း ကပြောသည်။
၂၀၁၈ ခုနှစ်မှာ မန္တလေးနှင့်ကျောက်မြောင်းကြား လင်းပိုင်ထိန်းသိမ်းရေး ဧရိယာတွင် ဘက်ထရီလျှော့တိုက် ငါးဖမ်းလှေ ၃၂ စီး ၊ ကျူးလွန်သူ ၁၀ ဦး၊ တတိယမြစ်ကျဉ်းအထက် မလယ်နှင့်ဗန်းမော်ကြား လျှော့တိုက်ငါးဖမ်းစက်လှေ ၁၈ စီး ၊ ကျူးလွန်သူ ၈ ဦးကို တရားစွဲဆိုနိုင်ခဲ့ ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ဇူလိုင် ထိ ရေကြောင်းရဲတပ်ဖွဲ့ခွဲ(မန္တလေး)မှရရှိသည့် စာရင်းများအရ လျှော့တိုက် ငါးဖမ်းစက်လှေ ၂၄ စီးအရေးယူခဲ့သည် ဟုသိရသည်။
အိမို့မို့ခိုင်


