ဟိုပုံး ၂၀  စက်တင်ဘာ    

 

ကျေးလက်နေအမျိုးသမီးများ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားလာစေပြီး သက်တမ်းစေ့နေထိုင်နိုင်စေရန်၊ ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးများ သေဆုံးမှုမှ လျှော့ချနိုင်စေရန် ရည်ရွယ်ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် International Planned Parenthood Federation (IPPF) တို့ပူးပေါင်း၍ မျိုးဆက်ပွားကျန်းမာရေး လက်လှမ်းမီစေရေးဆိုင်ရာ (Access to Birth Spacing and SRH services)စီမံချက်အရ ပြည်သူလူထုအတွင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ တိလုံကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

၅

 

ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဉက္ကဌ ဒေါ်ဇာဇာဝင့်က မျိုးဆက်ပွား ကျန်းမာရေးလက်လှမ်းမီစေရေးဆိုင်ရာစီမံချက် ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက်  မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှ အသင်းဝင်များဖြစ်သော သင်တန်းနည်းပြများနှင့် ဆိုက်ခေါင်ကျေးလက်ကျန်းမာရေးဌာန (ခွဲ)မှ သားဖွားဆရာမ ဒေါ်ပန်းဇာဖြူတို့က မျိုးဆက်ပွားကျန်းမာရေး သားဆက်ခြားကာ ဆောင်ရွက်ပေးအကြောင်း၊ နေ့စဉ်သောက်သားဆက်ခြားစားဆေးအကြောင်း၊ သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်းအကြောင်း၊ သုံးလခံသားဆက်ခြားထိုးဆေးအကြောင်း၊ ကိုယ်ဝန်ဆောင်စဉ် သတိပြု စောင့်ရှောက်လိုက်နာရမည့်အချက်များ၊ သားပျက်သားလျှောခြင်းနှင့် ကိုယ်ဝန်ပျက်ခြင်း ဆိုင်ရာ သိကောင်းစရာများ၊ မွေးကင်းစကလေးကျန်းမာရေး စသည့်အကြောင်းအရာများကို ရှင်းလင်းဟောပြောပြီး တက်ရောက်လာသူများအား မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)