ကန်ကြီးထောင့်   ၂၀   စက်တင်ဘာ  

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ယာဉ်မတော်တဆဖြစ်ပွားမှုများတွင် အသုံးပြုရန်အတွက် ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ထုတ်ပေးသော ခေတ်မီရှာဖွေကယ်ဆယ်ရေး စက်ပစ္စည်းကိရိယာများဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ယခင်ထက်ပိုမိုထိရောက်စွာ ဆောင်ရွက်သွားနိုင်တော့မည် ဖြစ်ကြောင်း ကန်ကြီးထောင့်မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

ရှာဖွေကယ်ဆယ်ရေးစက်ပစ္စည်းများတွင် မြင်းကောင်ရေ ၁၆ ကောင် ဓာတ်ဆီအင်ဂျင်တပ် အရှည် ၁၄ ပေခန့်ရှိ Speed Boat တစ်စီး၊ ယာဉ်မတော်တဆမှုများ၊ အဆောက်အဦပြိုကျမှုများတွင် ညှပ်နေသူများ၊ ပိမိနေသူများ၊ပိတ်မိနေသူများအား ကယ်ဆယ်ရာတွင် အသုံးပြုသည့် Hydraulic Spreader (လေဖိအား သုံး တွန်းကန်စက်)၊ Hydraulic Cutter (လေဖိအားသုံး ဖြတ်တောက်စက်)၊ Hydraulic Ram (လေဖိအားသုံး ထောက်တိုင်တွန်းကန်စက်) စသည့်ခေတ်မီကယ်ဆယ်ရေး ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများပါဝင်ပြီး "မြို့နယ်အတွင်း မီးဘေး၊ ရေဘေး၊ လေပြင်းမုန်တိုင်းဘေး၊ ငလျင်ဘေး အစရှိသည့်ဘေးအန္တရာယ်များနှင့် ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်တိုအတွင်း ထိရောက်စွာ ဆောင်ရွက်သွားနိုင်တော့မှာဖြစ်ကြောင်း" မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးက ပြောသည်။

ကန်ကြီးထောင့်မြို့နယ်တွင် "မြို့နယ်မီးသတ်ဦးစီးမှူးရုံးနှင့် ဒါးကနယ်မြေမီးသတ်စခန်းရှိကာ မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ယခုထောက်ပံ့ပေးအပ်သော ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အပါအဝင် မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ ဂါလန် ၁၆၀ဝ ဆန့်ရေသယ်ယာဉ် ၁ စီး နှင့် အပေါ့စားရေစုပ်စက် ၄ လုံး၊ ဒါးကနယ်မြေမီးသတ်စခန်းတွင် မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ဂါလန် ၁၆၀ဝ ဆံ့ရေသယ်ယာဉ် တစ်စီးနှင့် အပေါ့စား ရေစုပ်စက်တစ်လုံးတို့ရှိပြီး နိုင်ငံ၏ထုတ်ကုန်များ၊ ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု မရှိစေရေးတို့အတွက် ပြည်သူလူထုအတွင်းသို့ ကွင်းဆင်း၍ မီးဘေးလုံခြုံရေးများ၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးများနှင့် ပတ်သက်သော အသိပညာပေးလုပ်ငန်းများ အပါအဝင် လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်းများ လုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း " မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးက ဆက်လက်ပြောကြားသည်။

နန်းထိုက် (KGD)