လင်းခေး  ၂၀ စက်တင်ဘာ

TheAsiaFoundation၏ ပံ့ပိုးကူညီမှုဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း ကမ္ဘောဇလူငယ်စာဖတ်အသင်နှင့် လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍  (VoterEducation)ဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်၉နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ CommunityCentre တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းမစတင်မီကမ္ဘောဇ လူငယ်စာဖတ်အသင်း(တောင်ကြီး)ကဆန္ဒမဲပေးခြင်းဆိုင်ရာ အသိပညာ  သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းစီစဉ်သူ ဦးရဲအောင်နှင့် ဒေါ်မေနှင်းကျော်တို့က (ကမ္ဘောဇလူငယ်စာဖတ်အသင်း၊ တောင်ကြီး)က Voter Education ဆိုင်ရာ အသိပညာပေး သင်ခန်းစာများအား အခန်းကဏ္ဍအလိုက် ဆက်လက် ပို့ချသင်ကြားပေးခဲ့ကြကြောင်းနှင့် အဆိုပါသင်တန်းသို့ လင်းခေးခရိုင်အတွင်းရှိ နိုင်ငံရေးပါတီများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝန်ထမ်းများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံလူငယ်များ စုစုပေါင်းအင်အား (၂၀) ဦးတို့ တက်ရောက်ခဲ့ကြသည်။

သင်တန်းတွင် ဒီမိုကရေစီအကြောင်း သိကောင်းစရာများ၊ ရွေးကောက်ပွဲဆိုင်ရာများ၊ အခြေခံဉပဒေရှုထောင့်၊ မဲဆန္ဒရှင်များနှင့် မဲပေးပိုင်ခွင့်ရှိသူများအကြောင်း သိကောင်းစရာများ၊ မဲဆန္ဒရှင်များ၏ ရပိုင်ခွင့်များ၊ နိုင်ငံရေးပါတီများ၏ မဲရုံကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပစောင့်ကြည့်လေ့လာသူများ၊ သတင်းမီဒီယာများ အခန်းကဏ္ဍဆိုင်ရာများ၊ မဲပေးခြင်းဆိုင်ရာများ၊ လွှတ်တော်အကြောင်း သိကောင်းစရာများ နှင့်ရွေးကောက်ပွဲကျင်းပခြင်း၏ ရလာဒ်များအကြောင်း သိကောင်းစရာ အသိပညာပေး သင်ခန်းစာများအား ဉီးရဲအောင်နှင့် ဒေါ်မေနှင်းကျော် (ရှမ်းပြည်နယ် ကမ္ဘောဇလူငယ်စာဖတ်အသင်း)တို့က စက်တင်ဘာ ၂၁ရက်နေ့အထိ သင်တန်းကာလ ၂ ရက်ကြာ ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းဇော်လတ်(ပြန်/ဆက်)