မန္တလေး ၂၀ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး၌ လာမည့် ၂၀၂၀ပြည့်နှစ်တွင် ကျေးရွာပေါင်း ၃၉၀ ကို လျှပ်စစ်ဓာတ်အားရရှိရန်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး လွှတ်တော်စက်မှု စွမ်းအင်နှင့်လျှပ်စစ်ရေးရာ ကော်မတီထံမှ သိရသည်။
အဆိုပါ ကျေးရွာပေါင်း ၃၉၀ ကို အပိုင်းနှစ်ပိုင်းခွဲ၍ ကုမ္ပဏီ လေးခုက တာဝန်ယူဆောက်လုပ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"၂၀၂၀ ပြည့်နှစ်မတိုင်မီ အကုန်မီးလင်းသွားမှာပါ။ ခုတော့ ပထမ အဆင့်ဖြစ်တဲ့ ၁၁ ကေဗွီဓာတ်အားလိုင်းနဲ့ သုံးမိုင်အတွင်း ကျေးရွာတွေအတွက် ကနဦးအင်ဂျင်နီယာ လုပ်ငန်းပိုင်းတွေ စတင်နေပါပြီ။ ဒါပြီးရင် ဒုတိယအဆင့်ဖြစ်တဲ့ ငါး မိုင်အတွင်း ကျေးရွာတွေကို ဆက်ပြီး ဆောင်ရွက်သွားပါမယ်" ဟု အဆိုပါ ကော်မတီဥက္ကဋ္ဌ စဉ့်ကိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်းက ပြောသည်။
အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NPE) ပထမ အဆင့်အနေဖြင့် မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ မြင်းခြံခရိုင်၊ ညောင်ဦးခရိုင်နှင့် ရမည်းသင်းခရိုင်တို့ အတွင်းရှိ ကျေးရွာပေါင်း ၃၉၀ တွင် ဆောင်ရွက်မည်ဖြစ်သည်။
ယင်းကျေးရွာ ပေါင်း ၃၉၀အနက် ကျေးရွာပေါင်း ၁၄၈ရွာကို ယခုနှစ် ဧပြီလမှ ဒီဇင်ဘာလအတွင်း၊ ကျေးရွာပေါင်း ၂၄၂ ရွာကို ယခုနှစ် မေလမှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း လျှပ်စစ်ဓာတ်အားရရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ပထမအဆင့်အနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ၁၁ကေဗွီ ဓာတ်အားလိုင်းနှင့် သုံးမိုင်အတွင်းရှိ ကျေးရွာပေါင်း ၃၉၀ကို ပထမဦးစားပေး လျှပ်စစ်ဓာတ်အားရရှိရန်ဆောင်ရွက်မည်ဖြစ်ပြီး ဒုတိယအဆင့်တွင် ၁၁ကေဗွီ ဓာတ်အားလိုင်းနှင့် ငါးမိုင်အတွင်းရှိ ကျေးရွာများလျှပ်စစ်ဓာတ်အားရရှိရန်နှင့် ဓာတ်အားပေးခွဲရုံ တိုးချဲ့တည်ဆောက်ခြင်းများ ပါဝင်မည်ဖြစ်ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။
သူရိန်လင်း


