၂၀ စက်တင်ဘာ
အစ္စရေး ရွေးကောက်ပွဲ မဲရေတွက်ရာတွင် ပြီးဆုံးလုနီးပါးရှိပေမယ့် ဘယ်ပါတီမှ မဲအပြတ်သတ် မရရှိကြောင်း တာဝန်ရှိသူတွေက ဒီကနေ့ ပြောကြားပါတယ်။ စစ်ခေါင်းဆောင်ဟောင်း ဘန်နီဂန့် ဦးဆောင်တဲ့ အလယ်အလတ်လမ်းစဉ် အပြာနဲ့အဖြူ ပါတီက လွှတ်တော်မှာ နေရာပေါင်း ၁၂၀ မှာ ၃၃ နေရာရရှိခဲ့ပြီး လက်ရှိဝန်ကြီးချုပ် ဘင်ဂျာမင် နေတန်ညာဟုရဲ့ လက်ယာစွန်း လီကွတ်ပါတီက နေရာ ၃၁ နေရာသာ ရရှိခဲ့ပါတယ်။
မဲရလဒ် အပြည့်အစုံကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ ကြေညာဖို့ ရှိပေမယ့် အဲဒီမတိုင်ခင်မှာ အပြောင်းအလဲတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ မဲပေးသူပေါင်းရဲ့ ၉၉.၈ ရာခိုင်နှုန်းကို ရေတွက်ပြီးဖြစ်တယ်လို့ အစ္စရေး သတင်းဌာနတွေမှာ ရေးသားထားပါတယ်။
လက်ရှိမဲရလဒ်အရ နေတန်ညာဟု ဆက်လက်ပြီး အစိုးရရုံးမှာ ရှိဖို့ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ နေတန်ညာဟုက အပြာနှင့်အဖြူ ပါတီခေါင်းဆောင် ဘန်နီဂန့်ကို သူနဲ့ပူပေါင်းပြီး အစိုးရအဖွဲ့ ဖွဲ့စည်းရန် မနေ့က ပြောကြားရာ ဘန်နီဂန့်က သူက ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီး အစိုးရဖွဲ့မယ်။ သူ့ပါတီက အများဆုံး အနိုင်ရတဲ့ အတွက်ပါလို့ တုန့်ပြန်လိုက်ပါတယ်။
တတိယ မဲအများဆုံးရတဲ့ ပါတီကတော့ Joint List ဆိုတဲ့ အာရပ်မဟာမိတ် ပါတီက ၁၃ နေရာ အနိုင်ရပြီး ဂျူးဘာသာရေး ပါတီဖြစ်တဲ့ Shas ပါတီကတော့ ၉ နေရာနဲ့ နောက်ထပ် ဂျူးဘာသာရေးပါတီဖြစ်တဲ့ United Torah Judaism ပါတီက ၈ နေရာ ရရှိခဲ့ကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP