နေပြည်တော်  ၂၀  စက်တင်ဘာ 


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး ပူးပေါင်းညှိနှိုင်းရေးအဖွဲ့တို့ ပူးပေါင်း ကျင်းပသည့် မဲခေါင်မြစ်ဧရိယာနှင့် မြစ်လက်တက်များ၏ ရေအရည်အသွေးတိုင်းတာခြင်းဆိုင်ရာ စီမံကိန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဦးစီးဌာန၌ ကျင်းပသည်။


မဲခေါင်မြစ်ဧရိယာနှင့် မြစ်လက်တက်များ၏ ရေအရည်အသွေးတိုင်းတာခြင်းဆိုင်ရာ စီမံကိန်း သည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ ဒုတိယအသုတ် (၂၀၁၈) စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိသော စီမံကိန်း (၁၉)ခုအနက် တစ်ခုအပါအဝင် ဖြစ်သည်။


စီမံကိန်း ကာလမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိဖြစ်ပြီး ရှမ်းပြည် နယ်အတွင်းရှိ မဲခေါင်မြစ်နှင့် မြစ်လက်တက်များ၏ ရေထုအရည်အသွေး စောင့်ကြပ်ကြည့်ရှု့ခြင်း လုပ်ငန်း ဆောင်ရွက်သွားမည် ဖြစ်သည်။ 


အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ရေအရည်အသွေးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များသာမက ရေအရည်အသွေးတိုင်းတာ စောင့်ကြည့်ခြင်းနှင့် ဓာတ်ခွဲစမ်းသပ်ခြင်းစွမ်းဆောင်ရည်ကိုပါ မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။


အခမ်းအနားတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်ထွန်းလင်းက အမှာစကား ပြောကြားသည်။


ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက စီမံကိန်းဖြစ်ပေါ်လာမှု၊ စီမံကိန်းရန်ပုံငွေ လက်ခံလွှဲပြောင်းလက်ခံရရှိမှု၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှုနှင့် ရေအရည်အသွေး တိုင်းတာ စောင့်ကြည့်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ 


သတင်းစဉ်