ရန်ကုန်   ၂၀  စက်တင်ဘာ

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ အရာထမ်းလောင်း အခြေခံ (အထူး) သင်တန်းအမှတ်စဉ် (၁၀) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀-၉-၂၀၁၉ ရက်(သောကြာနေ့) နံနက် (ဝ၉းဝ၀) နာရီတွင် ရတနာသိင်္ဃခန်းမ၌ ကျင်းပခဲ့ပါသည်။ သင်တန်းဆင်းပွဲသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး (ကိုယ်စား) ဆေးသုတေသနဦးစီးဌာနမှ  ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းနှင့်   ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးအောင်တင်စိုး၊ ပြည်သူ့ဝန်ထမ်းအကယ်ဒမီ ကျောင်းအုပ်ကြီး၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊  တက္ကသိုလ်သင်ကြားရေး၊ စီမံဌာနများမှ ပါမောက္ခ၊ ဆရာ၊ဆရာမများ နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။ အခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်စား ဆေးသုတေသနဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းက သင်တန်းဆင်း မိန့်ခွန်းပြောကြားရာ၌ အရာထမ်းလောင်း လက်ထောက်ဆရာဝန်များအား သင်တန်းမှ အရာထမ်းတစ်ဦးအနေဖြင့် သိသင့်သိထိုက်သည့် ပညာရပ်များ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ ရုံးလုပ်ငန်း လုပ်ထုံးလုပ်နည်းများ သိရှိစေရေးအတွက် သာမက အမျိုးသားရေးအမြင်ရရှိရေးနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုရှိစေရေးအတွက် သင်ကြားလေ့ကျင့် ပျိုးထောင်ပေးခဲ့ပြီး သက်ဆိုင်ရာပညာရပ်များကို အခြေခံအားဖြင့် နားလည်သဘောပေါက်စေပြီး စည်းကမ်းနှင့်ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းလိုက်နာတတ်သော တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ဝန်ထမ်းကောင်းများဖြစ်အောင်လေ့ကျင့် သင်ကြားပေးခဲ့ပြီး ဖြစ်ပါကြောင်း၊
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမျိုးသားကျန်းမာရေး မူဝါဒဖြစ်သော တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို အကောင်အထည်ဖော်ရာ၌ မောင်တို့မယ်တို့က အင်အားတစ်ရပ် အနေဖြင့်ပါဝင်ပြီး၊ မိမိတို့လုပ်ငန်းတိုးတက်ရေးအတွက် ပြန်လည်အသုံးချနိုင်မည့် လုပ်ငန်းဆောင်ရွက်မှုများ ဆန်းစစ်မှု၊ သုတေသနလုပ်ငန်းများကို တစ်ဦးချင်းသော်လည်းကောင်း၊ လုပ်ဖော်ကိုင်ဖက်များနှင့် စုပေါင်း၍သော်လည်းကောင်း ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းလိုပါကြောင်း၊
သင်ယူတတ်မြောက်ထားသော ဆေးပညာရပ်များနှင့်ယခုသင်တန်းမှ သင်ကြားပို့ချပေးလိုက်သည့် အတွေ့အကြုံများကို ညှိနှိုင်းပေါင်းစပ်၍ ပြည်သူကို အကောင်းဆုံးကျန်းမာရေး စောင့်ရှောက်မှုပေးရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် လူနာများအပေါ် ကတိသစ္စာပြု အဓိဌာန်တွင် ပါဝင်သည့်အတိုင်း စေတနာအရင်းခံပြီး မိမိတို့မိသားစုဝင်ကဲ့သို့ ကောင်းမွန်စွာဆက်ဆံ၍ စဉ်းစား ဆောင်ရွက်ပေးဖို့လည်း မှာကြားလိုပါကြောင်း၊
မိမိတို့၏ တတ်မြောက်ထားသော ပညာရပ်နှင့် လုပ်ငန်းကျွမ်းကျင်မှုကို အကောင်းဆုံး ဝန်ဆောင်မှုပေးခြင်းဖြင့် ကျေးလက်နှင့်မြို့ပြ ကျန်းမာရေးဝန်ဆောင်မှုကွာဟချက် ပိုမိုကျဉ်းမြောင်းလာအောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် သင်တန်းက သင်ကြားပို့ချပေးလိုက်သည့် သင်ခန်းစာများသာမက မိမိတို့၏စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှု၊ ပညာရည်မြင့်မားမှု၊ လက်တွေ့ကျွမ်းကျင်မှုကို အသုံးချ၍ ပြည်သူအား အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး မိမိတို့၏ ပညာရပ်ပိုင်းဆိုင်ရာ အထောက်အကူပြုနိုင်သော ပညာရပ်များကို ဆက်လက်ဆည်းပူးလေ့လာရင်း အရည်အသွေး တိုးတက်လာအောင် ကြိုးပမ်းခြင်းဖြင့် နိုင်ငံ့တော်၏အကျိုး၊ မိမိတို့အကျိုး တိုးတက်ရာတိုးတက်ကြောင်း အတ္တနှင့်ပရမျှတစွာ ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား (၂၀၂) ဦး ၊ သင်တန်းသူ (၂၁၃) ဦး၊ စုစုပေါင်း (၄၁၅) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၂၉-၇-၂၀၁၉ ရက်နေ့မှ ၂၀-၉-၂၀၁၉ ရက်နေ့ အထိ ရက်သတ္တ (၈) ပတ် ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။

(သတင်းစဉ်)