ဈေးနှုန်းကျနေသည့် မတ်ပဲ တရုတ်နိုင်ငံမှ ဝယ်ယူမှုကြောင့် အရောင်းအဝယ် ပြန်လည်သွက်လက်

မန္တလေး  ၂၀   စက်တင်ဘာ 

          
အိန္ဒိယနိုင်ငံမှ အဝယ်ရပ်နားခဲ့သည့်အတွက် ဈေးနှုန်းများ တရိပ်ရိပ်ကျဆင်းနေသည့် မတ်ပဲသီးနှံအား တရုတ်နိုင်ငံမှ ဝယ်ယူလာမှုကြောင့် ဈေးကျဆင်းမှုရပ်တန့်ကာ အရောင်းအဝယ်များ ပြန်လည်သွက်လက်လာနေကြောင်း မန္တလေး ပဲဈေးကွက်မှ သိရသည်။

          
အဆိုပါ မတ်ပဲသီးနှံမှာ ယခုနှစ်တွင် ပေါ်ကာစ ဇန်နဝါရီလက သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၇၅၀ဝ၀ နှုန်းဖြင့် အဖွင့်ဈေးစခဲ့သည့်အပြင် အိန္ဒိယနိုင်ငံမှ တန်ချိန် တစ်သိန်းငါးသောင်း ဝယ်ယူရန် စာချုပ်ခဲ့သည့်အတွက် သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀ နှုန်းအထိ ဈေးများ မြင့်တက်ခဲ့သော်လည်း သြဂုတ်လလယ်မှစ၍ ဝယ်ယူမှု နည်းပါးလာခြင်းကြောင့် ဈေးနှုန်းများ တရိပ်ရိပ်ကျဆင်းလာပြီး ယခု စက်တင်ဘာလအတွင်း၌ စာချုပ်ပါ သတ်မှတ်တန်ချိန် မပြည့်မီ ဝယ်ယူမှု ရပ်ဆိုင်းခဲ့သဖြင့် လက်ရှိတွင် သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၆၅၀ဝ၀ နှုန်းအထိ ပြန်လည်ကျဆင်းလာနေကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။


''လက်ရှိအချိန်က မတ်ပဲပေါ်ချိန်မဟုတ်ပေမယ့် လှောင်သမားတွေက တက်ဈေးကို မျှော်ပြီး လှောင်ထားတဲ့ ပဲတွေကို ပြန်ထုတ်ရောင်းနေကြတာပါ။ အိန္ဒိယက စာချုပ်ထားတဲ့ တန်ချိန်မပြည့်သေးပဲ အဝယ်ရပ်ဆိုင်းသွားတဲ့အတွက် ဈေးက ထိုးကျသွားလိုက်တာ လက်ရှိ ဈေးကွက်မှာ မတ်ပဲ ပုံမှန်စက ၆၅၀ဝ၀ ကျပ်နဲ့ လုံးကြီးစကို ၆၈၀ဝ၀ နှုန်းလောက်ပဲ ပေါက်ဈေးရှိတော့တယ်။ ဒါပေမယ့် ဒီရက်ပိုင်းမှာပဲ တရုတ်က စပြီးဝယ်လာတဲ့အတွက် ဈေးကဆက်ပြီး မကျသွားတော့တဲ့အပြင် အရောင်းအဝယ်ကလည်း ပြန်ပြီးသွက်လာ တယ်'' ဟု ၎င်းက ပြောသည်။


မတ်ပဲကို ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အဓိက စိုက်ပျိုးကြသည့်အပြင် အထက်အညာဒေသများဖြစ်သည့် မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင်လည်း ဆောင်းသီးနှံအဖြစ် တစ်နှစ်လျှင် တစ်ရာသီသာ စိုက်ပျိုးကြပြီး အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားကြောင့် လွန်ခဲ့သည့် လေးနှစ်က သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် နှစ်သိန်းနှုန်းအထိ အမြင့်ဆုံးဈေးသို့ ရောက်ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ကန့်သတ်ချက်များဖြင့် ဝယ်ယူလာမှုကြောင့် ဈေးနှုန်းများ ကျဆင်းကာ မြန်မာတောင်သူများ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။


မင်းထက်အောင်(မန်းကိုယ်ပွား)

 

1