နေပြည်တော်  ၂၀  စက်တင်ဘာ 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ၁၃၈၁ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉၊ ၁၀၊ ၁၁ ရက် ဒီဇင်ဘာ ၂၀၊ ၂၁၊ ၂၂ ရက်  တို့တွင် ခွင့်ပြုထားသော စာဖြေဌာနတို့၌ တစ်ပြိုင်နက်တည်း ကျင်းပမည်ဖြစ်သည်။


အဘိဓမ္မာ(ရိုးရိုး)နှင့် အဘိဓမ္မာ(ဂုဏ်ထူးဆောင်) စာမေးပွဲများကို အစိုးရပထမငယ်တန်း (သို့မဟုတ်) ၎င်းနှင့်အလားတူ စာမေးပွဲအောင်မြင်ခြင်း မရှိသေးသော သီလရှင်များနှင့် လူပုဂ္ဂိုလ်များသာ ဖြေဆိုခွင့်ရှိသည်။ အဘိဓမ္မာ(ရိုးရိုး) အောင်မြင်ပြီးသူများသည် အဘိဓမ္မာ(ဂုဏ်ထူးဆောင်) စာမေးပွဲကိုဖြစ်စေ၊ ဝိသုဒ္ဓိမဂ် စာမေးပွဲကိုဖြစ်စေ ဖြေဆိုနိုင်သည်။


ဝိသုဒ္ဓိမဂ်စာမေးပွဲကို အစိုးရပထမကြီးတန်း၊ ဓမ္မာစရိယတန်း (သို့မဟုတ်) ၎င်းနှင့်အလားတူ စာမေးပွဲများ အောင်မြင်ခြင်းမရှိသေးသော သီလရှင်များနှင့် လူပုဂ္ဂိုလ်များသာဖြေဆိုခွင့်ရှိသည်။


အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများတွင် တစ်ဆင့်ဖြစ်စေ၊ နှစ်ဆင့်ဖြစ်စေ၊ သုံးဆင့်ဖြစ်စေ နှစ်ချင်းပေါက် ဖြေဆိုခွင့်ရှိသည်။ ယခင်က သုံးဆင့်လုံး အပြည့်အစုံ မအောင်မြင်သေးသူများ အနေဖြင့် သုံးဆင့်လုံးကို နှစ်ချင်းပေါက် ထပ်မံဖြေဆိုခွင့်ရှိသည်။


စာမေးပွဲဝင်ခွင့်တောင်းခံလွှာများကို သက်ဆိုင်ရာ စာဖြေဌာနများတည်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်ရှိ မြို့နယ်သံဃနာယကအဖွဲ့ရုံးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများသို့ ပေးပို့ထားပြီးဖြစ်၍ အဆိုပါရုံးများတွင် ဖြေဆိုလိုသည့် ပုံစံများကို ထုတ်ယူနိုင်ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်း ရရှိသည်။

 

(သတင်းစဉ်)