နေပြည်တော် ၂၀ စက်တင်ဘာ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပရေးလုပ်ငန်း ကော်မတီ ဉက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၊ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၁၃၈၁  ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ ရက် အောက်တိုဘာ ၂၈ ရက် တနင်္လာနေ့  ၉ နာရီခွဲတွင် နေပြည်တော် ဉပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် အခမ်းအနားကျင်းပရေးနှင့် အခမ်းအနား ပြင်ဆင်ရေးဆပ်ကော်မတီ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီ၊ သံဃာတော်များ ပင့်ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံဖျော်ဖြေရေးဆပ်ကော်မတီတို့၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အခမ်းအနားကျင်းပရေးနှင့် အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီ တာဝန်ယူသည့် ဌာနအနေဖြင့် မှတ်တမ်းစာအုပ်ပြုစုနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်နှင့် ကျန်ဆပ်ကော်မတီ ၅ ခုတို့၏ လုပ်ငန်းတာဝန်များကို သက်ဆိုင်သည့် ဝန်ကြီးဌာနများအလိုက် သတ်မှတ်ဖွဲ့စည်းထားပြီး ဖြစ်သည့်အတွက် အလေးထား ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဆပ်ကော်မတီအသီးသီးတို့မှ တာဝန်ရှိသူများက ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဆပ်ကော်မတီအသီးသီးတို့၏ ဆွေးနွေးတင်ပြမှုအပေါ် လုပ်ငန်းကော်မတီ ဉက္ကဋ္ဌ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)