နေပြည်တော် ၂၁ စက်တင်ဘာ
ပြင်ဦးလွင်ခရိုင်အတွင်းရှိ သက်ကြီးရွယ်အိုများပါဝင်သော လူမှုအားမာန်အဖွဲ့များနှင့် တွေ့ဆုံထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အင်းပုတ်ကျေးရွာ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ထောက်ပံ့ငွေများ ပေးအပ်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်းဦးစီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာအရ အသက်ကြီးသူများ ဦးဆောင်သော သက်ကြီးသူချင်းကူညီ စောင့်ရှောက်ရေးအဖွဲ့များကို ထောက်ပံ့လျက်ရှိပါကြောင်း၊ ယခုအခါ မျိုးဆက်သစ်လူငယ်များ၊ လူလတ်ပိုင်းများပါ ပါဝင်၍ သက်ကြီးရွယ်အိုများနှင့်အတူ ခွဲခြားမှုမရှိဘဲ ပူးပေါင်း၍ အားလုံးပါဝင်သော အချင်းချင်းကူညီစောင့်ရှောက်ရေး အဖွဲ့များကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစ၍ လူမှု အားမာန်အဖွဲ့များအဖြစ် ပြောင်းလဲဆောင်ရွက်လျက်ရှိပါကြောင်း၊ အောက်တိုဘာ(၁)ရက်တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ရောက်ရှိတော့မည်ဖြစ်ကြောင်း၊ ယခုနှစ်မှစ၍ သက်ကြီးဘိုးဘွားများအား အသက်အရွယ်ကြောင့် ခွဲခြားခြင်းမျိုးမရှိစေရဘဲ စွမ်းဆောင်နိုင်မှု အလိုက်ရှေ့ဆက်လျှောက်လှမ်းနိုင်အောင် ပံ့ပိုးကူညီကြရမည်ဖြစ်ကြောင်း။
ယနေ့တက်ရောက်လာကြသည့် လူမှုအားမာန်အဖွဲ့အနေဖြင့် ကြုံတွေ့ရသည့် အခက်အခဲများအပေါ် ဆွေးနွေးပေးကြရန် ဖိတ်ခေါ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်လိုသည့် နည်းလမ်းများ ရှိပါကလည်း လူမှုဝန်ထမ်းဦးစီးဌာနသို့ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်နိုင်ပါကြောင်း၊ ယခုလူမှုအားမာန်အဖွဲ့များတွင် ပါဝင်ကြသည့် သက်ကြီးရွယ်အိုများသည် အိုမင်းသော်လည်း စွမ်းဆောင်မှုအလိုက် မိမိအပါအဝင်၊ မိသားစု၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသဖြင့် ဝမ်းမြောက်မိပါကြောင်း၊ ယနေ့ တွေ့ဆုံရသော လူမှုအားမာန်အဖွဲ့ (၁၁)ဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများ ရှင်သန်တည်မြဲမှုရှိနေရန် ဝန်ကြီးဌာနအနေဖြင့် ဆက်လက်ပူးပေါင်းပံ့ပိုး ထောက်ပံ့သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြင်ဦးလွင်မြို့နယ်၊ ချယ်ရီမြေသက်ကြီးရွယ်အို စောင့်ရှောက်ရေးမြို့နယ် ချိတ်ဆက်ဆပ်ကော်မတီဥက္ကဋ္ဌ ဦးထွန်းတင်က လူမှုအားမာန်အဖွဲ့များ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့က လူမှုအားမာန်အဖွဲ့များဖြစ်သော ဖူးပွင့်ဝေဆာအဖွဲ့၊ လင်းရောင်ခြည်အဖွဲ့၊ မိုးသောက်ပန်းအဖွဲ့၊ အရုဏ်ဦးအဖွဲ့၊ စမ်းသော်တာအဖွဲ့၊ ချမ်းမြေ့သာယာအဖွဲ့၊ လပြည့်ဝန်းအဖွဲ့၊ ကြယ်စင်လင်းလက်အဖွဲ့၊ သုခရိပ်သာအဖွဲ့၊ ရောင်ခြည်ဦးအဖွဲ့နှင့် ပွင့်သစ်စအဖွဲ့မှ တာဝန်ရှိ ဘိုးဘွားများအား တစ်ဖွဲ့လျှင် ငွေကျပ်(၁၀)သိန်းစီ ထောက်ပံ့ပေးအပ်သည်။
မြန်မာနိုင်ငံတွင် အားလုံးပါဝင်သော အချင်းချင်းကူညီစောင့်ရှောက်ရေးအဖွဲ့ (Inclusive Self-Help Group) အနေဖြင့် ပြင်ဦးလွင်မြို့နယ်တွင် (၁၁)ဖွဲ့၊ မတ္တရာမြို့နယ်တွင် (၁၀)ဖွဲ့၊ ပုသိမ်ကြီးမြို့နယ်တွင် (၈)ဖွဲ့၊ မလှိုင်မြို့နယ်တွင် (၃၀)၊ တောင်သာမြို့နယ်တွင် (၃၀)၊ မြင်းခြံမြို့နယ်တွင် (၃၀)နှင့် နွားထိုးကြီးမြို့နယ်တွင် (၃၀) စုစုပေါင်း လူမှုအားမာန်အဖွဲ့ (၁၄၉) ဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


