ရန်ကုန် ၂၁ စက်တင်ဘာ
ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်နှင့် အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့တို့၏ ဆွေးနွေးပွဲ (Asia-Pacific Regional Workshop on Good Governance) ကို တရုတ်(တိုင်ပေ)တွင် စက်တင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ယင်းဆွေးနွေးပွဲ တက်ရောက်မည့် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ အမျိုးသားကင်းထောက်ချုပ် ဒေါက်တာတင်ညိုနှင့် လူငယ်အစီအစဉ်ရေးရာ ကင်းထောက်ညှိနှိုင်းရေးမှူး ဦးဖြိုးသူရဝင်းတို့သည် ယမန်နေ့ နံနက် (၁၀) နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ ကင်းထောက်အစီအစဉ်မှူးချုပ် ဦးအေးကြိုင်နှင့် ကင်းထောက်ကြီးများ၊ ကင်းထောက်လူငယ်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါ ဆွေးနွေးပွဲမှာ အာရှ-ပစိဖိတ်ဒေသ ကင်းထောက်အဖွဲ့ချုပ်များတွင် ကျင့်သုံးလေ့ရှိသော အုပ်ချုပ်ရေးယန္တရား လည်ပတ်မှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်သော အုပ်ချုပ်မှုပုံစံများ ပေါ်ပေါက်လာစေရေးနှင့် ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်က ချမှတ်ထားသော နည်းစနစ်များ ပိုမိုကျင့်သုံး ဆောင်ရွက်လာနိုင်စေရေးတို့ကို ဒေသတွင်းအဆင့် စေ့စပ်ညှိနှိုင်းရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသအတွင်း နိုင်ငံပေါင်း (၂၀) ကျော်ရှိ ကင်းထောက်အဖွဲ့ချုပ်များမှ အမျိုးသားကင်းထောက်ချုပ်များ၊ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်မှ သိရသည်။
MDN


