နေပြည်တော် ၂၁ စက်တင်ဘာ 


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနက  အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် ၂၃၀ ကေဗွီ ရွှေဘိုပင်မ ဓာတ်အားခွဲရုံစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။


အဆိုပါ  ၂၃၀ ကေဗွီ  ရွှေဘိုပင်မဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ တာပိန်(၁) ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံမှထွက်ရှိမည့် ဓာတ်အားများကို ၂၃၀ ကေဗွီ ဗန်းမော်- နဘား- ရွှေဘို- အုန်းတော ဓာတ်အားလိုင်းမှတဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်းရှိ ဒေသများအား ဗို့အားပြည့်ဝစွာဖြင့် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်မည့်အပြင် ရွှေဘိုမြို့၊ ခင်ဦးမြို့နှင့် ရေဦးမြို့များရှိ မြို့ပေါ်ရပ်ကွက်စုစုပေါင်း (၂၁)ရပ်ကွက်မှ မီးလင်းပြီး အိမ်ထောင်စု (၂၂၅၇၅)စုအားလည်းကောင်း၊ မီးလင်းပြီးကျေးရွာ (၂၁၆)ရွာရှိ အိမ်ထောင်စု (၂၉၈၂၈)စုအားလည်းကောင်း၊ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများနှင့် ဓာတ်အားရရှိရန်ကျန်ရှိသည့် ကျေးရွာများအား ဗို့အားပြည့်ဝစွာဖြင့် စဉ်ဆက်မပြတ် ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။


ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် စစ်ကိုင်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ၂၃၀ ကေဗွီ အုန်းတောပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အားခွဲရုံမှူး၏ ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက တိုးချဲ့တည်ဆောက်မည့် ၂၃၀/၃၃/၁၁ ကေဗွီ ၁၀ဝ အမ်ဗွီအေ ထရန်စဖော်မာအား တပ်ဆင်အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းစွာ လုပ်ကိုင်ဆောင်ရွက်သွားကြရန်၊ ဓာတ်အားခွဲရုံရေရှည် တည်တံ့ရေးနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးအတွက် ဓာတ်အားခွဲရုံသုံး ပစ္စည်းများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေး စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ဓာတ်အားခွဲရုံဝင်းအတွင်း ထရန်စဖော်မာ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်

 

mdn