မန္တလေး ၂၂ စက်တင်ဘာ

မန္တလေးခရိုင် အမရပူရမြို့နယ်ရှိ ရွှေကြက်ယက်-ရွှေကြက်ကျ ဆုတောင်းပြည့် မြတ်စွာဘုရားခြေတော်ရင်း ဧရာဝတီမြစ်ရေပြင်တွင် ရှေးယခင်မင်းများ လက်ထက်ကတည်းကအတိုင်း နှစ်စဉ်ကျင်းပမြဲဖြစ်သော လှေဦးတိုက်ပွဲနှင့် ရေစာ-ဝဲစာကျွေးပွဲကို တော်သလင်းလပြည့်ကျော် ရက် စက်တင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရွှေဒင်ကျေးရွာအသင်း ဗိုလ်စွဲသွားကြောင်း သိရသည်။

ရွှေကြက်ယက် တိုက်နယ်အတွင်းရှိ ကျေးရွာ ၁၄ ရွာမှ ငှက်လှေအသင်း ၁၄ သင်းတို့က ရွှေကြက်ယက်၊ ရွှေကြက်ကျဘုရားကို ဦးတိုက်၍ ရေစာကျွေးခြင်း ဆောင်ရွက်ကြပြီးနောက် ယှဉ်ပြိုင်ရမည့်အသင်း၊ လှော်ခတ်ရမည့် ငှက်လှေများနှင့် ရေလမ်းကြောင်းတို့ကို မဲနှိုက်ရွေးချယ်၍ ပွဲဦးထွက်ပြိုင်ပွဲယှဉ်ပြိုင်ကြရာ ကွက်သစ်အသင်းက သပြေတန်းအသင်းကို နှစ်လားပြတ်ဖြင့်လည်းကောင်း၊ ရွှေလောင်းက စိန်တုန်းကို နှစ်လားတစ်လားဖြင့်လည်းကောင်း၊ ရွာသစ်က ပတ္တမြားကို နှစ်လားပြတ်ဖြင့်လည်းကောင်း၊ သက္ကယ်တော်က ခဝါတော်ကို နှစ်လားတစ်လားဖြင့်လည်းကောင်း၊ မိုးကောင်းက ရွှေဟင်္သာကို နှစ်လားတစ်လားဖြင့်လည်းကောင်း၊ ရွှေလေးက အောင်ချမ်းသာကို နှစ်လားပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိကြသည်။

ယခုနှစ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၁၄ သင်းတို့က လေ့ကျင့်မှုအပြည့်ဖြင့် အပြိုင်အဆိုင် အကြိတ်အနယ် သုံးလားလှော်ခတ် ယှဉ်ပြိုင်ခဲ့ရသည့်ပွဲများပြီး စက်တင်ဘာ ၂၁ ရက် နံနက်တွင် နိုင်သည့်အသင်းများ မဲနှိုက်၍ ဆက်လက်ယှဉ်ပြိုင်ခဲ့ကြရာ လှေပွဲတော်လာပြည်သူများဖြင့် စည်ကားခဲ့သည်။

ပြိုင်ပွဲယှဉ်ပြိုင်အပြီးတွင် ရွှေဒင်အသင်းက မိုးကောင်းကျေးရွာအသင်းကို လား လားဖြင့် အနိုင်ရဗိုလ်စွဲသွားပြီး ဆုငွေကျပ် သိန်း၊ ဒုတိယဆုရ မိုးကောင်းအသင်းအား ဆုငွေကျပ် သိန်း၊ တတိယဆုရ ရွှေလောင်းအသင်းနှင့် ရွှေလေးတို့ကို ဆုငွေကျပ် ၁၆၀၀၀၀ စီ ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် နှစ်စဉ်ဒေသခံများ ဝါသနာရှင် ကုသိုလ်ရှင်ကုမ္ပဏီများကလည်း ပါဝင်ဆုချီးမြှင့်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ငှက်လှေပြိုင်ပွဲမှာ မန္တလေး အမရပူရမြို့နယ် ရွှေကြက်ယက်တွင်သာရှိပြီး ရှေးဘုရင်မင်းများလက်ထက်မှ ယခုတိုင် အစဉ်အလာမပျက် ကျင်းပလျက်ရှိကြောင်း သိရသည်။

တင်မောင်(မန်းကိုယ်ပွား)

 

hks