စစ်ကိုင်း ၂၂ စက်တင်ဘာ
စစ်ကိုင်းမြို့ အမှတ် ၃ ရဲလေ့ကျင်ရေးကျောင်းမှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကို စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းက စစ်ကိုင်းမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း အဆိုပါကျောင်းမှ သိရသည်။

လာမည့် အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းဖြစ်ကြောင်း၊ သွေးလှူဒါန်းမှုကို အမှတ် ၃ ရဲလေ့ကျင်ရေးကျောင်းမှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စုစုပေါင်း ၂၀ ကျော်က သွေးလှူဒါန်းခဲ့ကြောင်း အမှတ် ၃ ရဲလေ့ကျင်ရေးကျောင်းမှ ရဲမှူးကြီးအုန်းကျော်က ပြောသည်။
''ကျွန်တော် ဒီကိုတာဝန်ကျပြီး ရောက်လာတဲ့အခါ လစဉ်စုပေါင်းသွေးလှူဒါန်းမှုတွေလုပ်ဖို့ ဆန္ဒရှိခဲ့ပါတယ်၊ ဒါပေမဲ့ အကြောင်းကြောင့် မလှူဖြစ်ခဲ့ဘူး၊ အခု ရဲတပ်ဖွဲ့နေ့မတိုင်ခင်အခါမှ ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ သွေးလှူရအောင်ဆိုပြီး ကျွန်တော်စီစဉ်လိုက်တာပါ၊ သွေးလှူဒါန်းခြင်းဆိုတာ မွန်မြတ်တဲ့ ကုသိုလ်ဖြစ်ပါတယ်၊ ကျွန်တော်တို့အနေနဲ့ သွေးလှူဒါန်းမှုလေးတွေကို ပုံမှန်ဖြစ်အောင် ကြိုးစားပြီး စီစဉ်ဆောင်ရွက်သွားပါမယ် "ဟု ၎င်းကပြောသည်။
စုပေါင်းသွေးလှူဒါန်းပွဲသို့ အမှတ် ၃ ရဲလေ့ကျင်ရေးကျောင်းမှ ရဲမှူးကြီးအုန်းကျော်နှင့် ဦးစီးအရာရှိများနှင့် တပ်ဖွဲ့ဝင်များ ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ဦးကြည်နှင့် ဆရာဝန်/ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များကို တာဝန်ရှိသူများက အားဖြည့်အာဟာရဖြစ်စေမည့် ဆေးဝါးနှင့် အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုမင်း(အင်းတော်)


