ဇမ္ဗူသီရိ ၂၂ စက်တင်ဘာ
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဇေယျာသိဒ္ဓိရပ်ကွက်ရှိ ရပ်ကွက်လုံးဆိုင်ရာ ဓမ္မာရုံတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(နေပြည်တော်)ရုံးမှ ကွင်းဆင်း၍ ဆိုင်ကယ်မောင်း "က" လိုင်စင်များအား ယနေ့နံနက် ၈ နာရီခွဲက ပြုလုပ်ပေးခဲ့သည်။
ရှေးဦးစွာ က.ည.န(နေပြည်တော်)ရုံးမှ စစ်ဆေးရေးမှူး-၃ ဦးမြတ်သူရိန်မှ ယာ/လမ်းစည်းကမ်းဆိုင်ရာများ၊ လမ်းညွှန်အမှတ်အသားဆိုင်ရာများ၊ အချက်ပြမီးအသုံးပြုပုံဆိုင်ရာများအား ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် က.ည.န (နေပြည်တော်)ရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်ဆန်းနှင့် ဝန်ထမ်းများ၊ မြန်မာ့အာမခံလုပ်ငန်းမှ ဝန်ထမ်းများက လိုင်စင်ပြုလုပ်ခြင်းဆိုင်ရာ လုပ်ငန်းများအား စစ်ဆေးခြင်း၊ စာရင်းရေးသွင်းမှတ်တမ်ယူခြင်းနှင့် မြို့မဈေးရှေ့တွင် လက်တွေ့ ဆိုင်ကယ်မောင်းနှင်ခြင်းများအား စစ်ဆေးသည်။
ယခုကဲ့သို့ နယ်မြေဒေသအရောက် ကွင်းဆင်း၍ လိုင်စင်များပြုလုပ်ပေးသည့်အတွက် ဒေသခံပြည်သူများ အချိန်မကုန်၊ ငွေကုန်ကြေးကျနည်းပြီး လုပ်ငန်းများ အဆင်ပြေ၍ ဝမ်းသာသော်လည်း ဆိုင်ကယ်လိုင်စင်များ သက်တမ်းတိုးခြင်း၊ ဆိုင်ကယ်မောင်းလိုင်စင်များ သက်တမ်းတိုးခြင်းများကိုလည်း ကွင်းဆင်းပြုလုပ်ပေးစေလိုကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
ယနေ့ ဇေယျာသိဒ္ဓိရပ်ကွက်တွင် က.ည.န(နေပြည်တော်)ရုံးမှ မော်တော်ဆိုင်ကယ်မောင်းလိုင်စင်များ ကွင်းဆင်းပြုလုပ်ပေးရာ ပြည်သူ (၁၇၀)ဦးအတွက် "က"လိုင်စင် (၁၇၀)ခု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ဇေယျာသိဒ္ဓိရပ်ကွက်တွင် ယနေ့ပြုလုပ်သည့် မော်တော်ဆိုင်ကယ်မောင်း "က" လိုင်စင်များပြုလုပ်ရာသို့ ဇေယျာသိဒ္ဓိရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်နှင့်အတူ ဘောဂသိဒ္ဓိရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းကြည်နှင့်မ င်္ဂလာသိဒ္ဓိရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်ဇော်တို့မှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းရဲမာန် (နေပြည်တော်)


