နေပြည်တော်  ၂၂   စက်တင်ဘာ

    

၂၀၁၉ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမနှင့် ကျောက်စိမ်းဝင်းအတွင်း၌ ဆက်လက်ကျင်းပသည်။
    

ပြပွဲစတင်ကျင်းပသည့် နံနက်ပိုင်းမှစ၍ ပြည်တွင်းပြည်ပ ကျောက်မျက်ရတနာ ကုန်သည်များသည် ပြပွဲခန်းမအပြင်ဘက်ရှိ သတ်မှတ်ဧရိယာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအရိုင်းအတွဲများကို လွတ်လပ်စွာ လေ့လာကြည့်ရှုကြပြီး ပြပွဲခန်းမအတွင်းရှိ တင်ဒါပုံးများအတွင်းသို့ တင်ဒါများ တင်သွင်းကြသည်။
    

မွန်းလွဲပိုင်းတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေသည် တာဝန်ရှိသူများနှင့်အတူ ကျောက်စိမ်းခန်းမ အပြင်ဘက်ရှိ ကျောက်စိမ်းအရိုင်းအတွဲများနှင့် ကျောက်စိမ်းခန်းမအတွင်းရှိ ကျောက်မျက်ရတနာ အရောင်းဆိုင်များကို လှည့်လည်ကြည့်ရှုအားပေးသည်။
    

ယနေ့ ကျောက်မျက်ရတနာပြသရောင်းချပွဲတွင် ကျောက်စိမ်းအတွဲအမှတ် ၂၆၁၂ မှ ၃၉၁၁ အထိ ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြသရောင်းချခဲ့ရာ ကျောက်စိမ်းအရိုင်းအတွဲ (၈၆၁)တွဲကို  ယူရိုငွေ ၁၀၃ ဒသမ ၈၂၆ သန်း ဖြင့် ရောင်းချနိုင်ခဲ့သည်။
    

စက်တင်ဘာ ၂၃ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၃၉၁၂ မှ ၅၂၁၁ အထိ၊ စက်တင်ဘာ ၂၄ ရက်တွင် အတွဲအမှတ် ၅၂၁၂ မှ ၆၅၁၁ အထိ ၊ စက်တင်ဘာ ၂၅ ရက်တွင် အတွဲအမှတ် ၆၅၁၂ မှ ၇၈၁၁ အထိ ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

 

မင်းမင်းဇော်(ကလေး)