နေပြည်တော် ၂၂ စက်တင်ဘာ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်သည် ယမန်နေ့ညနေပိုင်းတွင် ဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျှက်ရှိသော ရန်ကုန်မြို့ရှိ Myanmar Hotel International(MHI) ဟိုတယ်၌ ဧည့်သည်များကို ဝန်ဆောင်မှု ပေးနေမှုနှင့် ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Wyndhm Grand Yangon Hotel ၌ ပြုလုပ်သည့် Myanmar FAM Trip 2019 Farewell Dinner သို့တက်ရောက်၍ မြန်မာနိုင်ငံ ၏အဓိကခရီးစဉ်ဒေသများဖြစ်သောရန်ကုန် ၊ ပုဂံ ၊ မန္တလေးနှင့် အင်းလေး ဒေသများအပြင် ကျိုင်းတုံ ၊ မြိတ်ကျွန်းစု ၊ မိုးကုတ် နှင့် ချင်းပြည်နယ် ၊ ကယား ပြည်နယ် ၊ ရခိုင်ပြည်နယ် ၊ ကချင်ပြည်နယ် ၊ ကရင်ပြည်နယ် နှင့်အခြား ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် ခရီးသွားဧည့်သည်များ ကြိုက်နှစ်သက်မည့်နေရာများ အမြောက်အများတည်ရှိ ပါကြောင်း ၊ ဒေသခံများအနေဖြင့် ခရီးသွားလုပ်ငန်းမှ ဝင်ငွေရရှိခံစားနိုင်စေရေးအတွက် ရပ်ရွာ အခြေပြုခရီးသွား လုပ်ငန်းကိုအကောင် အထည်ဖော်ဆောင်ရွက်လျှက်ရှိပါကြောင်း ၊ ထို့အပြင် ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံ သို့ဝင်ရောက်လည်ပတ်ရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက်လည်း ဗီဇာဖြေလျှော့မှုများ ကိုဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် ခရီးသွားများ လည်ပတ်ရာတွင် အန္တရာယ်ကင်းရှင်းသောလုံခြုံမှုရှိသော ခရီးစဉ်ဒေသတစ်ခုဖြစ်သည်ကို နိုင်ငံတကာ ခရီးသွားဧည့်သည်များကိုသိစေလိုပါကြောင်း အမှာစကား ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်း တာဝန်ရှိ သူများ ၊ FAM Trip တွင်လိုက်ပါလာသည့်ဧည့်သည်များက ခရီးစဉ်နှင့်ပတ်သက်သည့် အချက်အလက်များ ၊ ခရီးစဉ်တွင်မြင်တွေ့ခဲ့ရသည့် အတွေ့အကြုံများကို ရှင်းလင်း ပြောကြားကြသည်။
အဆိုပါ FAM Trip တွင် အမေရိက ၊ ဉရောပ ၊ အာရှ နှင့်အာဆီယံ နိုင်ငံများရှိခရီးသွားလုပ်ငန်းကဏ္ဍ မှ မီဒီယာနှင့်Travel Blogger (၆၁) ဉီးလိုက်ပါလာပြီး ၊ မြန်မာနိုင်ငံရှိ ပုဂံ ၊ ရန်ကုန်၊ အင်းလေးနှင့် မန္တလေးတို့ကိုသွားရောက် လေ့လာခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အင်လျားလိတ် ဟိုတယ်၌ ပြုလုပ်သည့်ခရီးသွားလုပ်ငန်းဆိုင်ရာ စာရင်းဇယားများတိကျ မှန်ကန်စေရေး ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်သည်။
အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ယနေ့ပြု လုပ်သည့်အစည်းအဝေးသည် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ အစီအစဉ်များ၊ လုပ်ငန်းစဉ်များအကောင် အထည် ဖော်ဆောင်ရွက်ရာတွင် အဓိကလိုအပ်သည့် စာရင်းဇယားများတိကျ မှန်ကန်စွာ ရရှိနိုင်ရေးအတွက် ပြုလုပ်သည့်အစည်းအဝေးဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် နိုင်မှသာခရီး သွားလုပ်ငန်းမှရရှိသော ဝင်ငွေကိုတိတိကျကျဖော်ပြနိုင်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးရေး ရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှုးချုပ်နှင့် ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများက အကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
(သတင်းစဉ်)


