မြတ်စွာဘုရားဟောကြားတော်မူသော ၃၈ ဖြာမင်္ဂလာတရားတော်တွင် “ပဏ္ဍိတာနစ္စ သေဝနာ” ပညာရှိလူလိမ္မာတို့ကို မှီဝဲဆည်းကပ်ရခြင်းဟူ၍ òန်ပြထားသည်။ ပညာရှိလူလိမ္မာတို့ကို မှီဝဲဆည်းကပ်ရခြင်းဆိုရာ၌ မိမိ၊ သူတစ်ပါး နှစ်ဦးသားတို့ အကျိုးစီးပွားဖြစ်ထွန်းအောင် ကြံစည်ပြောဆိုပြုမူတတ်သူ ပညာရှိလူလိမ္မာတို့ကို ဆိုလိုသည်။ ထိုသူတို့ကို မှီဝဲဆည်းကပ်ရခြင်းသည် မင်္ဂလာတစ်ပါးမည်၏။ ပညာရှိသူနှင့်စပ်လျဉ်း၍ -
“ရေးရာမြင်သိ၊ ပညာရှိကား
ဘေးထိပြင်ပြင်၊ မရောက်ခင်က၊
ဆင်ခြင်သဖြင့်၊ ကြောက်လန့်နှင့်၏
ရှောင်ခွင့်မသာ၊ ကြုံတွေ့လာက
ရဲစွာတမူ၊ ဆိုင်သောဟူ၏။” ဟူ၍
မိလိန္ဒပဉှာနှင့် ထေရာအပါဒါန် မြန်မာပြန်၌ဖော်ပြထား၏။ အဓိပ္ပာယ်မှာ “အကောင်းအဆိုး၊ အကြောင်းအကျိုး ကိစ္စရေးရာအဖြာဖြာကိုကောင်းစွာသိမြင် ပညာရှင်သည် အန္တရာယ်ဘေး မတွေ့ကြုံသေးသောအခါ ပညာဆင်ခြင် ကြောက်ဟန်ဆောင်၍ ရှောင်ခွင့်မရ တွေ့ကြုံလာသော အခါမှ သူရဲကောင်းပမာ ရဲတင်းစွာဖြင့် ရင်ဆိုင်နိုင်သူပညာရှိပုဂ္ဂိုလ်ဟူ၏” ဟု ဖော်ပြထားသည်။
ပညာရှိဟူသောပုဂ္ဂိုလ်သည် ကောင်းသောအမှုကိုသာ ပြုလေ့ရှိခြင်း (သုကတကမ္မကာရီ)၊ ကောင်းသောစကားကိုသာ ပြောဆိုလေ့ရှိခြင်း (သုဘာသိတဘာသီ)၊ ကောင်းသောအကြံအစည်ကိုသာ ကြံစည်လေ့ရှိခြင်း(သုစိန္တိစိန္တီ)ဟူသော လက္ခဏာသုံးပါးနှင့်ပြည့်စုံသူဖြစ်လေရာ မည်သည့်ဘေးအန္တရာယ်၊ မည်သည့်အမှုကိစ္စကိုမဆို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိပြီး ဖြေရှင်းရာတွင်လည်း ဒေါသအမျက်အပြင်မထွက်ဘဲ အကောင်း ဆုံးသာ ဆောင်ရွက်နိုင်သူဖြစ်သည်။
ထိုသို့ဆောင်ရွက်နိုင်သောပုဂ္ဂိုလ်တို့မှာ ကြံ၍ ပြုလုပ်စီရင်နိုင်သော ပညာရှိ(စိန္တာကဝိ)၊ ကြား၍ ပြုလုပ်စီရင်နိုင်သောပညာရှိ(သုတကဝိ)၊ တစ်စုံတစ်ခုသောအနက်ကိုမှီ၍ ပြုလုပ်စီရင်နိုင်သောပညာရှိ (အတ္တကဝိ) နှင့် တစ်ခဏချင်း မိမိဉာဏ်ဖြင့် ပြုလုပ်စီရင်နိုင်သောပညာရှိဟူ၍ ပညာရှိကဝိပုဂ္ဂိုလ် လေးမျိုးရှိ၏။ ထို့ကြောင့် ပညာရှိဟူသည် မိမိ၊ သူတစ်ပါး နှစ်ဦး သားတို့ အကျိုးစီးပွားဖြစ်ထွန်းအောင် ကြံစည်ပြောဆို ပြုမူတတ်သူဖြစ်ရာ ပညာရှိ၏ အဆုံးအမများကို မှတ်သားနာယူလိုက်နာသင့်ကြပေသည်။
ထိုမျှသာမက ပညာရှိတို့သည် ကောင်းမွန်မှန်ကန် ပြည့်စုံကြွယ်ဝ သော ဉာဏ်ပညာဖြင့် စဉ်းစားဆင်ခြင် မြော်မြင်နိုင်စွမ်းရှိကြသည့် ပုဂ္ဂိုလ်များဖြစ်ကြသည်နှင့်အညီ ဖြစ်ပေါ်လာမည့် အရေးကိစ္စအဖုံဖုံတို့ကို ကြိုတင်မြော်တွေးနိုင်စွမ်းရှိကြသူများလည်း ဖြစ်သည်။ ရှေးရှေးကာလကစာဆိုပညာရှိများ အမြောက်အမြားပေါ်ထွန်းခဲ့ဖူးရာ အဆိုပါပညာရှိတို့၏ စကား များမှာ နောင်အရှည်သဖြင့် ပကတိအရှိအမှန်တရားများသာ ဖြစ်သည်။
သာဓကအနေဖြင့် ဂီတစာဆိုပညာရှိ ဆရာရွှေတိုင်ညွန့် ရေးစပ်သီကုံးသည့် “အကျင့်ဆိုး” ဟူသည့်တေးသွားတွင် အလုပ်လုပ်ရာ၌ ဆုံးခန်းတိုင်အောင် မလုပ်ခြင်း၊ အားလျှော့ခြင်း၊ ပေါ့လျော့ခြင်းစသည့်မကောင်းသောအကျင့်ဆိုးများကိုထောက်ပြထားပြီး တစ်ယောက်တစ်မျိုး အမျိုးမျိုးအဖုံဖုံပြုလုပ်ခြင်း၊ စည်းကမ်းနည်းလမ်းများကို မလိုက်နာခြင်း၊ အကြီးအကဲများကိုမရိုသေခြင်း၊ အသင်းအပင်းဖွဲ့၍ အချင်းချင်းတည့်အောင်မနေခြင်းစသည်ဖြင့် စည်းကမ်းမလိုက်နာမှု၊ စည်းလုံးညီညွတ်ခြင်း အားနည်းမှု စသည့်အကျင့်ဆိုးများကို ထုတ်ဖော်ထားရာ ယနေ့ထက်တိုင်သွေးထွက်အောင်မှန်နေသည်ကို နားဆင်ကြည့်လျှင် ကြားသိနိုင်မည်ဖြစ်သည်။
ကျွန်ုပ်တို့ မြန်မာနိုင်ငံတော်ကြီး ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ဖို့အတွက်မြန်မာတို့၏အကျင့်ဆိုးများကို ပြုပြင်နိုင်ရန် ဆရာရွှေတိုင်ညွန့်က သီချင်း တေးသွားဖြင့် မီးမောင်းထိုးထောက်ပြခဲ့သည်။ “ပညာရှိစကား တွေးကြည့်က ပြေးကြည့်တာထက် မှန်သည်”ဆိုသကဲ့သို့ အနာဂတ်ကိုမြော်တွေး နိုင်သော ပညာရှိစကားများ၊ ညွှန်ပြချက်များအား လေးစားမှတ်သား လိုက်နာကြရမည်ဖြစ်ပါကြောင်း။ ။ ကြေးမုံ


