ရန်ကုန် ၂၃ စက်တင်ဘာ

ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်(လိပ်ကျွန်း)နှင့် ရနောင်း မြို့တို့တွင်ဖြစ်ပွားခဲ့သော မြန်မာအလုပ်သမားများ၏အမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ အမှု နှစ်မှုစလုံးကို လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ကြသည့် ထိုင်းရှေ့နေများကောင်စီမှ ရန်ကုန်မြို့ရှိ LOTTE ဟိုတယ်၌ စက်တင်ဘာ ၂၃ ရက်နံနက် ၉ နာရီတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း လိပ်ကျွန်းအထူးစုံစမ်းရေးကော်မတီ(၃)မှ တာဝန်ခံ ဦးထူးချစ်ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဖြစ်ပွားခဲ့သော ထိုင်းနိုင်ငံတောင်ပိုင်း စူရပ်ဌာနီခရိုင်ကော့တောင်(လိပ်ကျွန်း)တွင် ဖြစ်ပွားခဲ့သည့် ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်နှစ်ဦး သတ်ဖြတ်ခံခဲ့ရမှုနှင့်စပ်လျဉ်း၍ မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးဖြစ်သည့်မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်း(ခ) ဝေဖြိုးတို့အား လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ အုပ်စုဖွဲ့တိုက်ခိုက်မှု၊ ပူးပေါင်း ကြံစည်မှု၊ တရားမဝင် ထိုင်းနိုင်ငံအတွင်းခိုးဝင်မှု၊ တရား မဝင်နေထိုင်မှု စသည့် အမှုပေါင်း ခုနစ်မှုဖြင့် ထိုင်းနိုင်ငံမှတရားစွဲဆိုထားခဲ့ရာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင်သေဒဏ်ချမှတ်ခဲ့ကြောင်း၊ အယူခံအဆင့်ဆင့်ဝင်ခဲ့သော်လည်း ယခုနှစ် သြဂုတ် ၂၉ ရက်တွင် ထိုင်းနိ်ုင်ငံ ဗဟိုအယူခံတရားရုံးမှ အောက်ခြေရုံးများ၏ ဆုံးဖြတ်ချက်အတိုင်း သေဒဏ်ကို အတည်ပြုခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၈ ရက်က ဖြစ်ပွားခဲ့သော ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်း မြို့တွင် ဖြစ်ပွားခဲ့သည့် အသက်(၁၇)နှစ်အရွယ် ထိုင်း ကျောင်းသူလေးတစ်ဦးကို သတ်မှုဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမား လေးဦးဖြစ်ကြသော မောင်မိုးဇင်အောင်(၁၅)နှစ်၊ မောင်ကျော်စိုးဝင်း (၁၆)နှစ်၊ မောင်ဇော်လေး (၂၂)နှစ် နှင့် မောင်စိန်ဂတုံး (၂၀)နှစ် တို့မှာ ထောင်ဒဏ်ရှစ်နှစ်နှင့် နှစ်လ ကျခံခဲ့ရသောကြောင့် ထိုင်းရှေ့နေများ ကောင်စီ၏ ရှေ့နေများအကူအညီဖြင့် ခရိုင်အဆင့် အယူခံတင်ခဲ့ရာ အ ယူခံတရားရုံးမှ ပြစ်ချက်မရှိဟု သတ်မှတ်သည့်အတွက် မြန်မာလူငယ် လေးဦးစလုံး လွတ်မြောက်ခဲ့ကြ ကြောင်းလည်း သိရသည်။

ပွင့်သစ္စာ