ရန်ကုန် ၂၃ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ချယ်ရီ(၃)လမ်းရှိ အမှတ်(၅၂) နေအိမ် ခြံစည်းရိုးအပြင်ဘက်၌ စက်တင်ဘာ၂၂ ရက် ညနေ ၆ နာရီက ဦးဇင်ဝင်းမှ သန့်ရှင်းရေးဆောင်ရွက်နေစဉ် ဗုံးသီးဟောင်း (၁)လုံးတွေ့ရှိခဲ့၍ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။
ဗုံးသီးဟောင်းတွေ့ရှိရာ နေရာသို့ ဒလမြို့မရဲစခန်းမှ ရဲအုပ် အောင်ကျော် နှင့် တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ လက်ပစ်ဗုံးပုံသဏ္ဌာန် အမျိုးအစား လုံးပတ်(၈)လက်မ၊ အရှည်(၄)လက်မ၊ အချင်း(၂) လက်မရှိ သံချေးများတက်ပြီး ဆွေးမြည့်နေသည်ကို တွေ့ရှိ၍ အဆိုပါ ဗုံးသီးဟောင်းအား မပေါက်ကွဲစေရေးအတွက် အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
နိုင်လင်းကျော်(ဒလ)


