၂၃ စက်တင်ဘာ


အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ကုလသမဂ္ဂအထွေထွေ ညီလာခံတက်ရောက်ရန် နယူးယောက်မြို့သို့ ရောက်ရှိခဲ့ပြီး ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များနှင့် တစ်ဦးချင်းဆွေးနွေးမည် ဖြစ်သည်။


ထရန့်သည် ကမ္ဘာလုံးဆိုင်ရာ ဘာသာရေး လွတ်လပ်ခွင့် ကာကွယ်ရေး ဆောင်ရွက်လှုပ်ရှားမှုကို ယနေ့ ကုလသမဂ္ဂအထွေထွေညီလာခံတွင် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည် ဖြစ်သည်။


ထရန့်သည် အင်္ဂါနေ့တွင် ကျင်းပမည့်  ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အမေရိကန်သမ္မတ အနေဖြင့် တတိယအကြိမ်မြောက် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း၊ အီရန်နိုင်ငံအရေးကို ထုတ်ဖော်ပြောကြားမည်ဟု ထင်ရပြီး မြောက်ကိုရီးယားအရေးနှင့် ပတ်သက်ပြီး ပြောကြားရန် ဖြစ်နိုင်ခြေရှိကြောင်း ဖော်ပြထားသည်။


ဆော်ဒီရေနံစက်ရုံများကို တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်နှင့် အီရန်နိုင်ငံတို့ တင်းမာမှုများ ကြီးထွားလာသည့်ကြားထဲတွင် ထရန့် မိန့်ခွန်းပြောကြားမည် ဖြစ်သည်။


ထရန့်သည် အီရန်နိုင်ငံအပေါ် ဖိအားပေးမှု အရှိန်အဟုန်မြှင့်ရန် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များကို တိုက်တွန်းပြောကြားမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံဆွေးနွေးပွဲတွင် အမေရိကန် ရပ်တည်ချက် တိုးမြှင့်မည်ဖြစ်ကြောင်းတို့ကို  ၎င်းမိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားမည်ဟု ထင်ရသည်။


ထရန့်သည် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း၊ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် နှင့် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တို့အပါအဝင် နိုင်ငံခေါင်းဆောင် ၁၀ ဦးအထက် တို့နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။


အီရန်နိုင်ငံနှင့် ဆွေးနွေးရန် ရည်ရွယ်ချက်မရှိဟု ယမန်နေ့က ထရန့် ပြောကြားခဲ့သည်။


ထရန့် နှင့် အာဘေး တို့သည်လည်း ကုန်သွယ်ရေးနှင့်ပတ်သက်ပြီး ဆွေးနွေးကြမည်ဟု မျှော်လင့်ရသည်။


ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန် -မြင့်မြင့်ချို