သနပ်ပင်      ၂၃   စက်တင်ဘာ  


သနပ်ပင်မြို့နယ် အတွင်းရှိ ကျေးရွာ ၂၆ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးလက်ရေပေးရေး လုပ်ငန်း ၄၁ ခုအား ကျေးရွာရေကော်မတီများထံသို့ လွှဲပြောင်းပေးအပ် နိုင်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေ အခက်အခဲ မရှိစေရန် ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးရန်ပုံငွေ၊ Unicef ရန်ပုံငွေနှင့် မွမ်းမံရန်ပုံငွေတို့ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၂၆ ရွာတွင် မြေသားကန် ပြန်လည်ပြုပြင်ခြင်း၊ မြေသားကန် ခြံစည်းရိုးကာရံခြင်း၊ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်း စသည့်လုပ်ငန်း(၄၁)ခုကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။


ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျေးလက်ရေပေးရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ အဆိုပါကျေးရွာများကို စက်တင်ဘာလ ၂၁ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေး ခန်းမတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်အောင်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် တာဝန်ရှိသူများက ကျေးလက်ရေပေးရေးလုပ်ငန်းများ ရေရှည် ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ကျေးရွာရေကော်မတီများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)