ကျောက်ပန်းတောင်း ၂၃ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် စက်တင်ဘာ(၂၃)ရက်နေ့ နံနက် (ဝ၀ နာရီ ၁၅ မိနစ်ခန့်က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် နံနက် ၅ နာရီခွဲခန့်တွင် တောင်ကလပ်တောင်ထိပ် အနီးရှိ ဒုတိယ သံလှေကားအပေါ် တောင်နံရံမှ ကျောက်တုံးတစ်တုံး ပြိုဆင်းကျခဲ့ရာ၊ သံလှေကားစောင်းတန်း အမိုး(၂)ခန်းပျက်စီးခဲ့ကြောင်း သိရသည်။
ပုပ္ပားတောင်ကလပ်တွင် မိုးရွာသွန်းမှုမှာ ညပိုင်းအချိန်များတွင် (၃)ရက်ခန့် ဆက်တိုက်ရွာသွန်းနေကြောင်း သိရပြီး၊ ဘုရားဖူးပြည်သူများ အတက်အဆင်းရှိသည့် နေ့ခင်းဘက်တွင် ရွာသွန်းမှုမရှိဘဲ ညပိုင်းတွင်သာ ရွာသွန်းခဲ့ကြောင်း သိရသည်။
ကျောက်တုံးပြိုကျမှုကြောင့် ဒုတိယသံလှေကားအထက်မှ စောင်းတန်းအမိုးသွပ်များနှင့် သံတန်းများ ပါရှိသည့် (၅)ပေခန်း (၂)ခန်း ပျက်စီးခဲ့ပြီး လူနှင့်တိရိစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရသည်။
ပြိုဆင်းကျခဲ့သည့် ကျောက်တုံးမှာ လုံးပတ်(၅)ပေခန့်ရှိသည့် မြင်းသီလာကျောက် (ခေါ်) မြင်းနီလာကျောက်ဖြစ်ပြီး ကျောက်သားမှာ အမာမဟုတ်ဘဲ သဲကျောက်ဆန်ဆန် မြေသားကျောက်ဖြစ်ပြီး၊ ဆေးဖက်ဝင် ကျောက်အမျိုးအစားလည်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ကျောက်တုံးပြိုကျမှု ဖြစ်လျှင်ဖြစ်ချင်း တောင်ကလပ်ဂေါပက အဖွဲ့မှ တာဝန်ရှိဒေသခံများနှင့် ပုပ္ပားနယ်မြေရဲကင်းစခန်းမှ တာဝန်ရှိသူများ ရောက်ရှိလာကြပြီး ဘုရားဖူးပြည်သူများ အတက်အဆင်း အနှောက်အယှက် မဖြစ်စေရေးအတွက် ဆောလျင်စွာ ပြုပြင်မှုများ ပြုလုပ်ခဲ့ကြပြီး ကျောက်တုံးအား တောင်ကလပ်အောက် အန္တရာယ်ကင်းမည့် နေရာသို့ ရွှေ့ပြောင်းခဲ့ကြကာ ပျက်စီးသွားသည့် စောင်းတန်း သွပ်အမိုးများနှင့် သံတန်းများကို ဖယ်ရှားခဲ့ကြသည်။
ထိုသို့အပျက်အစီးများ ဖယ်ရှားနေစဉ်အတွင်း ဘုရားဖူးပြည်သူများ အန္တရာယ်မဖြစ်စေရန်အတွက် လမ်းခေတ္တပိတ်ထားခဲ့ပြီး၊ အပျက်အစီး ဖယ်ရှားရှင်းလင်းမှုများကို မွန်းတည့်(၁၂)နာရီတွင်းအပြီး ဆောင်ရွက်၍ လမ်းဖွင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် စောင်းတန်းအမိုးများ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းကို ဘုရားဖူးပြည်သူများ အတက်အဆင်း မပျက်စေဘဲ (၃) ရက်အတွင်း ပြန်လည်ပြုပြင် သွားမည်ဖြစ်ကြောင်းလည်း တောင်ကလပ်ဂေါပက အဖွဲ့ ဥက္ကဌ ဦးသာအေးကပြောပါသည်။
အဆိုပါ တောင်ကလပ် ကျောက်တုံးပြိုကျမှုကြောင့် အပျက်အစီးများ ရှင်းလင်းဖယ်ရှားမှု လုပ်ငန်းများ ဆောင်ရွက်စဉ် အတွင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်မြတ်၊ တောင်ကလပ် ဂေါပက အဖွဲ့ ဥက္ကဌ ဦးသာအေးနှင့် အဖွဲ့ဝင်များက အပျက်အစီး ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းများကို အနီးကြီးကြပ်ကွပ်ကဲလျှက်ရှိပြီး၊ ဘုရားဖူးပြည်သူများ အချိန်နှောင့်နှေးမှု မရှိစေပဲ၊ အန္တရာယ်ကင်းရှင်းစွာ တက်ရောက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျှက်ရှိကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


