ထန်းတပင် ၂၃ စက်တင်ဘာ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ဒေါင့်ကြီးကျေးရွာအုပ်စု၊ ဒေါင့်ကြီးကျေးရွာအခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)သို့ ကုက္ကိုဝမြစ်ကိုဖြတ်ကာ ရေလမ်းခရီးဖြင့် အခြားကျေးရွာများမှ လာ ရောက်ပညာသင်ကြားနေကြသည့် ကျောင်းသား၊ ကျောင်းသူများ ရေဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် လိုအပ်လျက်ရှိသည့် (Life Jacket) အသက်ကယ်အင်္ကျီများအား အခြေခံပညာဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးတွင် ပေးအပ်ခဲ့ကြသည်။
အသက်ကယ် အင်္ကျီများပေးအပ်ရာတွင် မြို့နယ်အခြေခံပညာဦးစီးဌာန လက်ထောက်မြို့နယ် ပညာရေးမှူး ဦးသာကျော်၊ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးကျော်ဝင်းနှင့်တာဝန်ရှိသူများက အခြေခံ ပညာဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် (Life Jacket) အသက်ကယ်အင်္ကျီ(၆၁)ထည်ကို ကျောင်းအုပ် ဆရာမကြီးဒေါ်မိုင်မာလာခိုင်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးမြင့်ထံသို့လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
ဒေါင့်ကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ ဒေါင့်ကြီးကျေးရွာအပါအဝင် အခြား ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများတက်ရောက် ပညာသင်ကြားလျက်ရှိပြီး နဲဗျောကျေးရွာ၊ ဇီးချောင်းကျေးရွာ၊ ကဇန်းကျေးရွာနှင့် ဘေးမခရွာသစ်ကျေးရွာတို့မှ ကျောင်းသား၊ ကျောင်းသူ(၆၁)ဦး တို့သည် ၎င်းတို့ကျေးရွာများမှ စက်လှေဖြင့် ရေလမ်းခရီး ကုက္ကိုဝမြစ်ကိုဖြတ်၍ တက်ရောက် ပညာ သင် ကြားလျက်ရှိရာ ရေဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုအပ်နေသည့် (Life Jacket) အသက်ကယ်အင်္ကျီများကို အခြေခံပညာဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေး မှူးရုံးမှသိရသည်။
ကျွန်မတို့ ဒေါင့်ကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)ကို အခုလို အသက်ကယ် အင်္ကျီများကို ပေးအပ်တဲ့အတွက် ကျောင်းအုပ်တစ်ဦး အနေဖြင့် အရမ်းကိုဝမ်းသာပီတိဖြစ်မိပါကြောင်းနှင့် ကျောင်းသား/ကျောင်းသူများ၊ မိဘများနှင့်ကျေးရွာကိုယ်စား ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း ကျောင်း အုပ်ဆရာမကြီး ဒေါ်မိုင်မာလာခိုင်က ပြောသည်။
ဇင်မင်းထိုက်(ထန်းတပင်)


