ပခုက္ကူ ၂၃ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူခရိုင်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် သြဂုတ်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၀ ရက်နေ့ထိ နှစ်လခန့်ကာလအတွင်း အိမ်ထောင်စု (၁၂၂)စု၊ လူဦးရေ (၅၁၀)ဦး ဘေးလွတ်ရာရွှေ့ပြောင်း နေထိုင်ခဲ့ရကြောင်း မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိ်ုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
ဧရာဝတီမြစ်ရေးကြီးလာသဖြင့် ပခုက္ကူခရိုင်အတွင်းရှိ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ဆုံသည့် နေရာဘေးတွင် နေထိုင်ကြသည့်ကျေးရွာများမှ အိမ်ထောင်စုများမှာ မြစ်ကမ်းပါးပြိုဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြပြီး အခြေချနေထိုင်သည့် မြေ နှင့် စိုက်ပျိုးမြေများလည်း ဆုံးရှုံးမှုများ တွေကြုံလျက်ရှိသည်။
“ မြစ်ကမ်းပါးပြိုဘေးတွေက အခုလပိုင်းအတွင်း မကွေးတိုင်းဒေသကြီးမှာကြုံတွေ့နေရပါတယ်။ အများဆုံး ခံစား နေရတာက ပခုက္ကူခရိုင်ထဲက ဖြစ်ပါတယ်။ ချင်းတွင်းမြစ်နဲ့ ရာဝတီဖြစ်ဆုံတဲ့နေရာ တွေမှာနေထိုင်တဲ့သူတွေ အများဆုံး ကြုံနေ ရတာပါ။ မင်းဘူးခရိုင်ထဲက ဧရာဝတီဖြစ်ဘေးမှာရှိတဲ့ ပွင့်ဖြူ၊ စလင်းနဲ့ မကွေးခရိုင်ထဲက ရေနံချောင်းမြို့နယ်တွေမှာလည်း ကမ်းပါးပြိုဘေးကြောင့် ရွှေ့ပြောင်းနေထိုင်ရတဲ့သူတွေရှိနေပါတယ် ” ဟု မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ၊ တိုင်းဦးစီးမှူး ဦးမြင့်စိုး က ပြောသည်။
သြဂုတ်လထဲတွင် အိမ်ထောင်စု(၁၈)စု၊ လူဦးရေ(၅၈)ဦး ရွှေ့ပြောင်းခဲ့ရခြင်းအပေါ် ကယ်ဆယ်ရေးပစ္စည်းနှင့်ရွှေ့ ပြောင်းနေထိုင်စရိတ်ကျပ် ၁၇ သိန်း ၇၇၃၃၀ ကျပ် ၊ စက်တင်ဘာ ၁ရက်နေ့မှ ၂၀ ရက်နေ့ထိ အိမ်ထောင်စု(၁၀၄)စု ၊ လူဦးရေ (၄၅၂)ဦး ရွှေ့ပြောင်းခဲ့ရခြင်းအတွက် ထောက်ပံ့ရန်ပုံငွေ ၁၀၅သိန်း၄၉၂၀ဝကျပ်တို့ကို ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့မှုများ လုပ်ဆောင်ခဲ့ကြောင်း တိုင်းဦးစီးမှူးထံမှ သိရှိရသည်။
ဇေယျတု(မကွေး)


