တာချီလိတ် ၂၃ စက်တင်ဘာ
ကမ္ဘာပေါ်ရှိ တရားမဝင်သားငှက်တိရစ္ဆာန် ကုန်သွယ်မှု တိုက်ဖျက်ရေး လုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများနှင့် ချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်နေရေးအတွက် တတိယအကြိမ် သားငှက်တိရစ္ဆာန်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ခရိုင်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ဟိုတယ်တာချီလိတ် အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၂၃ ရက်နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်းဝယ်ဖေါက်ကားမှု မိတ်ဆက်ခြင်း-ကမ္ဘာနှင့် ဒေသအတွင်း၊ အေဂျင်စီ၏ အခန်းကဏ္ဍာများနှင့် တာဝန်များ၊ လုပ်ပိုင်ခွင့် အာဏာများ၊ အမျိုးသားအဆင့် တောရိုင်းတိရစ္ဆာန်များ ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် မူဝါဒ၏များ၊ Cites အကြောင်း၊ Cites Appendices ၊ Cites Permits & Certificates၊ စာရွက်စာတမ်း အထောက်အထား အတုများ၊ မျိုးစိတ်များ ဖော်ထုတ်ခြင်း၊ မှောင်ခိုတင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း နည်းလမ်းများ၊ ရှာဖွေရေး နည်းလမ်းများ၊ ဖမ်းဆီးခွင့်ရှိသူ၊ ရှာဖွေခွင့်ရှိသူနှင့် သိမ်းဆည်းခွင့်ရှိသူ၊ မျိုးစိတ်များဖော်ထုတ်ခြင်း စသည့် အကြောင်းအရာများကို စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ သုံးရက်တိုင်တိုင် ဆွေးနွေးသွားမည်ဖြစ်သည်။
“ကမ္ဘာမှာတောရိုင်းတိရစ္ဆာန်နဲ့ သူတို့ရဲ့ အစိတ်အပိုင်းများ တရားမဝင် ရောင်းချမှုဟာ တစ်ဖြည်းဖြည်းမြင့်တတ်လာပါတယ်။ ကမ္ဘာ့အဆင့်အနေ့နဲ့ ဆိုရင် နံပတ်လေးနေရာလောက် ရောက်ရှိလာပါပြီ။ အဲဒါတွေကို လျှော့ချနိုင်ဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်ဆိုရင် တရုတ်နိုင်ငံနဲ့ ချိတ်ဆက်ဆောင်ရွက်သလို မိမိတို့ရဲ့ မိတ်ဘက် ဌာနများက ပူးပေါင်းဆောင်ရွက်ပေးဖို့လည်း လိုအပ်ပါတယ် ”ဟု ရှမ်းပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မြက ပြောသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ - မြန်မာမှ သားငှက်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အစီအစဉ် မန်နေဂျာ Grace Hwa နှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မြနှင့် သစ်တောဝန်ထမ်းများ၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တရားဥပဒေ၊ အကောက်ခွန် စသည့် မိတ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)


