မန္တလေး  ၂၃   စက်တင်ဘာ 

         

မန္တလေးမြို့ရှိ မဟာမုနိဘုရားတွင် ပြည်တွင်းဘုရားဖူးများ လာရောက်ဖူးမြော်မှုများပြားခြင်းနှင့်အတူ ရွှေဆိုင်းရောင်းချမှုမှာလည်း ယခုနှစ်အတွင်း တစ်လလျှင် ပျမ်းမျှအားဖြင့် အရွက် ၁၀ဝ ပါ ရွှေဆိုင်း အရေအတွက် ၈၀ဝ၀ ခန့်အထိ ရောင်းချနေရကြောင်း မဟာမုနိဘုရားဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးသိန်းထွန်းက ပြောကြားသည်။

         

ရွှေဆိုင်းရောင်းချရာတွင် ငါးရွက်ပါ ရွှေဆိုင်းတစ်ခုလျှင် တစ်ကုတ်ဟုခေါ်၍ ကုတ် ၂၀ ပါဝင်သည့် ရွှေအရွက်ရေ ၁၀ဝ ကို တစ်ဆိုင်းဟု သတ်မှတ်ထားပြီး ဘုရားကြီးဂေါပကအဖွဲ့မှ ရွှေဆိုင်းဆက်ကပ် လှူဒါန်းသူများအတွက် ငါးရွက်ပါ ရွှေဆိုင်း တစ်ကုတ်လျှင် ငွေကျပ် ၂၅၀ဝ နှုန်းဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

         

''ဘုရားကြီးကို ပြည်တွင်းဘုရားဖူး လာရောက်မှုက နှစ်စဉ်တိုးတက်များပြားနေတယ်။ ဒီဘက်ခေတ်မှာ လမ်းပန်းဆက်သွယ်ရေးက ကောင်းလာတဲ့အတွက် ခရီးသွားရတာ အရမ်းလွယ်ကူသွားတယ်။ လာရောက်ကြတဲ့ ဘုရားဖူးတွေကလည်း အဖွဲ့အစည်းတွေ မိသားစုတွေ ဆွေမျိုးတွေ စုပေါင်းပြီး ကားစင်လုံး ငှားပြီး လာကြတာများတယ်။ အခါကြီးရက်ကြီးတွေနဲ့ ပွဲတော်ရက်တွေမှာဆို ဘုရားဖူးတွေနဲ့ ပြည့်ကျပ်စည်ကား နေပါတယ်။ ဒီလိုဘုရားဖူးများပြားလာတဲ့အလျှောက် ရွှေဆိုင်းရောင်းအားကလည်း နှစ်စဉ်တိုးတက်နေပါတယ် ''ဟု ၄င်းက ပြောသည်။

         

မန္တလေးမြို့ မဟာမုနိဘုရားသို့ ပြည်တွင်းခရီးသွားများ လာရောက်မှုမှာ နှစ်စဉ် တိုးတက်များပြားလာသည့်အလျှောက် ရွှေဆိုင်း ရောင်းချမှုမှာလည်း ၂၀၁၆ ခုနှစ်တွင် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ရွက်ရေ ၁၀ဝ ပါ ရွှေဆိုင်းပေါင်း ၇၉၁၆၉ ဆိုင်း၊ ၂၀၁၇ ခုနှစ်တွင် ၉၉၈၂၅ ဆိုင်းနှင့် ၂၀၁၈ ခုနှစ်တွင် ၉၃၅၂၅ ဆိုင်း ရောင်းချခဲ့ရပြီး ယခု ၂၀၁၉ ခုနှစ်တွင် လက်ရှိအချိန်အထိ တစ်လျှင် ပျမ်းမျှ ရွှေဆိုင်းပေါင်း ၈၀ဝ၀ ခန့် ရောင်းချနေရကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)