ရန်ကုန်  ၂၃   စက်တင်ဘာ 

၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဗိုလ်လုပွဲကို စက်တင်ဘာ ၂၄ ရက်တွင် ညနေ ၆ နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး ထိပ်သီးနှစ်သင်းဖြစ်သည့် ရန်ကုန်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

၂၀၁၉ ရာသီ ပြည်တွင်းရာသီ၏ နောက်ဆုံးပိတ်ပွဲစဉ်ဖြစ်သည့်အပြင် နှစ်သင်းစလုံးအတွက် မျှော်လင့်ချက်ကိုယ်စီဖြင့် ယှဉ်ပြိုင်ကြမည့်ပြိုင်ပွဲလည်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းက တစ်ရာသီအတွင်း ပြိုင်ပွဲသုံးခုတွင် ချန်ပီယံဆုရယူနိုင်ရေး မျှော်လင့်ချက်ဖြင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သလို ရန်ကုန်အသင်းကလည်း ယခုရာသီ နောက်ဆုံးချန်ပီယံမျှော်လင့်ချက်အပြင်လာမည့်ရာသီ AFC Cup ပြိုင်ပွဲမျှော်လင့်ချက်အတွက်ပါ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

 

a

 

ရှမ်းယူနိုက်တက်နှင့် ရန်ကုန်အသင်းသည် ယခုရာသီတွင် လေးကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး ရှမ်းယူနိုက်တက် အသင်းက နှစ်ပွဲနီုင်၊ တစ်ပွဲသရေကျကာ တွေ့ဆုံမှုမှတ်တမ်းတွင် အသာရထားသည်။ ရှမ်းယူနိုက်တက်အသင်းသည် ရာသီကြိုချာရတီဖလားပြိုင်ပွဲတွင် ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရပြီးအမှတ်ပေးပြိုင်ပွဲတွင်မူ ပထမအကျော့ အဝေးကွင်းပွဲတွင် အနိုင်ရကာ ဒုတိယအကျော့အိမ်ကွင်း၌ သရေကျခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်အသင်းသည် ရှုံးထွက် ဗိုလ်လုပွဲတွင် ဒုတိယအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး ၂၀၁၇ ရာသီတွင် တွေ့ဆုံစဉ်က ရှမ်းယူနိုက်တက်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ 

ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီတွင် ရာသီကြိုချာရတီဖလား၊ အမှတ်ပေးဖလားတို့ ရရှိထားပြီး ရှုံးထွက်ပြိုင်ပွဲတွင် ထပ်မံဗိုလ်စွဲပါက တစ်ရာသီတည်း ပြိုင်ပွဲသုံးခု၌ ဗိုလ်စွဲမည်ဖြစ်သည်။ ရှုံးထွက်ပြိုင်ပွဲကို ၂၀၁၀ ပြည့်နှစ်တွင် စတင်ကျင်းပခဲ့ပြီး၂၀၁၃ ရာသီတွင် ဆီးဂိမ်းပြိုင်ပွဲကြောင့် မကျင်းနိုင်သည်မှလွဲ၍ ကျန်ရာသီများတွင် ပုံမှန်အတိုင်း ကျင်းပခဲ့သည်။ 

ကျင်းပပြီးစီးခဲ့သည့် ရှစ်ကြိမ်တွင် ဧရာဝတီအသင်းက သုံးကြိမ်ဖြင့် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေပြီး ရန်ကုန်အသင်းက နှစ်ကြိမ်၊ ဟံသာဝတီ (ယခင် ဥဿာယူနိုက်တက်)၊ မကွေးနှင့် ရှမ်းယူနိုက်တက်အသင်းတို့က တစ်ကြိမ်စီ ဗိုလ်စွဲထားသည်။ ယခုရာသီတွင်ချန်ပီယံဖြစ်ဖူးသည့်အသင်းနှစ်သင်း တွေ့ဆုံသောကြောင့် ချန်ပီယံအသင်းသစ် ထွက်ပေါ်လာဖွယ်မရှိဘဲ နောက်တစ်ကြိမ်ဗိုလ်စွဲရေးအတွက်သာ ကြိုးပမ်းရမည်ဖြစ်သည်။

ရန်ကုန်အသင်းနည်းပြချုပ် ဦးတင်မောင်ထွန်းက ''အမှတ်ပေးပြိုင်ပွဲမှာ ချန်ပိယံဆုလက်လွှတ်ခဲ့ရလို့ ရှုံးထွက်ပြိုင်ပွဲမှာ ချန်ပီယံဆုကာကွယ်နိုင်အောင် ကြိုးပမ်းသွားမှာပါ။ကျွန်တော်တို့အတွက် ဒီရာသီ နောက်ဆုံးချန်ပီယံမျှော်လင့်ချက်ဖြစ်တဲ့အပြင် လာမယ့်ရာသီ AFC Cup ပြိုင်ပွဲဝင်ခွင့်အတွက် နောက်ဆုံးမျှော်လင့်ချက်ဖြစ်တာကြောင့် ကြိုးစားမှာပါ။ မျှော်လင့်ချက် နှစ်ခုအတွက် ကြိုးပမ်းမှာဖြစ်ပေမယ့် ဖိအားတော့ မရှိပါဘူး။ အကောင်းဆုံးကြိုးစားမှာပါ''ဟု ပြောကြားသည်။ 

ဦးတင်မောင်ထွန်းသည် ရာသီဝက်မှ ယာယီနည်းပြချုပ်အဖြစ် တာဝန်ယူနေခြင်းဖြစ်ပြီး၎င်းလက်ထက်တွင် ပြိုင်ပွဲစုံ ၁၅ ပွဲစလုံး ရှုံးပွဲမရှိသေးပေ။ ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ဦးအောင်နိုင်က ''ဗိုလ်လုပွဲဖြစ်ပေမယ့် ထူးထူးခြားခြား ပြင်ဆင်ထားတာ မရှိပါဘူး။ ဖိအားလည်းမရှိပါဘူး။ရှုံးထွက်ပြိုင်ပွဲမှာ ထပ်မံဗိုလ်စွဲဖို့အတွက် အကောင်းဆုံးကြိုးစားမှာပါ''ဟု ပြောကြားသည်။ 

ဦးအောင်နိုင်မှာလည်း ပထမအကျော့ကျင်းပနေစဉ်ကာလအတွင်း နည်းစနစ်ဒါရိုက်တာအဖြစ်မှ ယာယီနည်းပြချုပ်အဖြစ် တာဝန်ယူနေခြင်းဖြစ်ပြီး အမှတ်ပေးပြိုင်ပွဲတွင် စံချိန်သစ်အဖြစ် ရှုံးပွဲမရှိဘဲ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးထားသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်