နေပြည်တော်  ၂၃  စက်တင်ဘာ

ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း၊ ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးအပိုဆောင်းတိုက်ကျွေးထိုးနှံခြင်းအစီအစဉ်များအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းက မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသို့ အသိပေးဆွေးနွေးပွဲ ကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း(ဗဟို) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

လာမည့်အောက်တိုဘာ ၂၅ ရက်မှ ၂၉ ရက်အထိ နိုင်ငံအတွင်းရှိ မြို့နယ် (၉၆)မြို့နယ်တွင် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးထိုးနှံခြင်းနှင့် ဒုတိယအကြိမ်ပိုလီယို ကာကွယ်ဆေးအပိုဆောင်း တိုက်ကျွေးမည်ဖြစ်ပြီး နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်တွင် ကျန်ရှိသော (၂၃၄)မြို့နယ်တွင် ဝက်သက်-ဂျိုက်သိုးကာကွယ် ဆေးထိုးနှံခြင်းကို ဆောင်ရွက်သွားမည်ဖြစ်သည်။

အခမ်းအနားတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာစည်သူအောင်က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဉက္ကဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင် က ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် အစုလိုက်အပိုဆောင်း လုပ်ငန်းများတွင် အသင်းဝင်များ ပါဝင်ကူညီကြရန်ပြောကြားသည်။

ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်နိုင်ဦး နှင့် ဒေါက်တာအေးမြချမ်းသာ၊ ကုလသမဂ္ဂကလေးများရန်ပုံငွေ အဖွဲ့မှ ဒေါ်ဖြူစင်ဝေ တို့က အစုလိုက်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အစီအစဉ်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး / ပြည်နယ်အသီးသီးမှ တက်ရောက်လာသော မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များက သိရှိဆွေးနွေးလိုသည်များကို မေးမြန်းပြောကြားခဲ့ရာ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ တာဝန်ရှိသူများက ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

MMCWA.EPI 239.