နေပြည်တော် ၂၃ စက်တင်ဘာ
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်သည် မြန်မာ-ကိုရီးယား ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်တက်ရောက်ရန် မြန်မာ နိုင်ငံ၌ ရောက်ရှိနေသော ကိုရီးယားသမ္မတနိုင်ငံ ပြည်ထဲရေးနှင့်လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Yoon Jong-In ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ Hilton Hotel ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲ ရေးဆိုင်ရာလုပ်ငန်းများ၊ ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop)များဆောင်ရွက်နေမှု၊ ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေး ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဆွေဆွေနိုင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညီညီမင်းနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
(သတင်းစဉ်)


