နေပြည်တော်  ၂၃  စက်တင်ဘာ 

 

မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်တို့ ပူးပေါင်းဖွင့်လှစ်သော ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာသင်တန်း(UN Peacekeeping Operation Course) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ နိုင်ငံ သံအမတ်ကြီး Mr. Saurabh Kumar နှင့် စစ်သံမှူး Col. Ketan Arun Mohite၊ အိန္ဒိယတပ်မတော် Centre for United Nations Peacekeeping (CUNPK) မှ နည်းပြအရာရှိများ၊ မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိများ တက်ရောက်ကြသည်။


ရှေးဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး  Mr. Saurabh Kumar တို့က အဖွင့်အမှာစကား ပြောကြားကြသည်။ ထို့နောက် အိန္ဒိယနိုင်ငံ Centre for United Nations Peacekeeping (CUNPK) မှ နည်းပြအရာရှိတစ်ဦးက အိန္ဒိယနိုင်ငံ၏ UN Peacekeeping Operation တွင် ပါဝင်ဆောင်ရွက်နေမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများ၊ (CUNPK)မှ နည်းပြအရာရှိများ၊ သင်တန်းသားများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုကြသည်။

 

အဆိုပါသင်တန်းမှာ (၇)ကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အရာရှိ ၉၆ ဦး၊ စစ်သည် ၈၄ ဦးတက်ရောက်ခဲ့ပြီး ယခုသင်တန်း၌ အရာရှိ ၃၀ တက်ရောက်ကြမည်ဖြစ်သည်။ သင်တန်း၌ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းများ၏ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ၊ စည်းမျဉ်းများနှင့် ဆောင်ရွက်နေမှုများ၊ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်များ၊ အရပ်သားများအား ကာကွယ်စောင့်ရှောက်မှု၊ ကလေးသူငယ်ကာကွယ် စောင့်ရှောက်မှု၊ စစ်ဘက်-အရပ်ဘက်ပူးပေါင်းဆောင်ရွက်မှု၊ ကင်းလှည့်ခြင်း၊ ယာဉ်တန်းလုံခြုံရေးဆောင်ရွက်ခြင်း၊ တပ်ခွဲအခြေချစခန်းတည်ဆောက်ခြင်း ၊ လေ့ကျင့်ခန်း BlueHelmet စသည့် ဘာသာရပ်များအား စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားပေး သွားမည်ဖြစ်ပြီး အောက်တိုဘာ ၄ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

(သတင်းစဉ်)