ရန်ကုန် ၂၃ စက်တင်ဘာ
ဆော်ဒီအာရေဗျနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ည ၇ နာရီတွင် ရန်ကုန်မြို့ Wyndham Grand Hotel ၌ကျင်းပရာ ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့်ဇနီးတို့ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် ဆော်ဒီအာရေဗျ နိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ် ကြီး Mr.Sahal Moustafa Ahmed Ergesous နှင့်ဇနီးတို့က ဆော်ဒီအာရေဗျနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်ဇနီး၊ သံအမတ်ကြီးနှင့် ဇနီးတို့သည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ဧည့်ခံပွဲသို့ တက်ရောက်လာကြသူများအား သံအမတ်ကြီးနှင့်ဇနီးတို့ က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံး ယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)


