ဂျီနီဗာ ၂၄ စက်တင်ဘာ
ခုရာစုနှစ်အကုန်ရောက်လျှင် ကမ္ဘာကြီး၏ ပျမ်းမျှအပူချိန်မှာ ၃ ဒသမ ၄ ဒီဂရီ ဆဲစီးရပ်စ်အထိ တိုးမြင့်လာနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးထားသည်။ ထို့အပြင် ကမ္ဘာကြီးပူနွေးလာမှုကိုလည်း ဖြေရှင်းကြရန် တောင်းဆိုခဲ့သည်။ ကမ္ဘာ့မိုးလေဝသ အဖွဲ့အစည်းနှင့် အခြားသောအုပ်စုများမှ အတူတကွ သိပ္ပံနည်းကျ ရှာဖွေမှုများ ပြုလုပ်ခဲ့ကြပြီး အစီရင်ခံစာတစ်စောင်တင်သွင်းခဲ့ရာ အဆိုပါအစီရင်ခံစာကို စက်တင်ဘာ ၂၂ ရက်က ထုတ်ဖော်ပြသခဲ့သည်။
နယူးယောက်မြို့၌ ကျင်းပမည့် ရာသီဥတုဆိုင်ရာ အရေးပေါ်လှုပ်ရှားမှု ထိပ်သီးအစည်းအဝေးတွင် တင်ပြရန် ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။ အဆိုပါအစီရင်ခံစာတွင် ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ကမ္ဘာလုံးဆိုင်ရာ အပူချိန်ခန့်မှန်းချက်မှာ လွန်ခဲ့သည့် ငါးနှစ်တာကာလကထက် ဝ ဒသမ ၂ ဒီဂရီတိုးလာသည်ဟု ခန့်မှန်းထားပြီး ၁၈၅၀ မှ ၁၉၀ဝ ပြည့်နှစ် စက်မှုခေတ်အကြိုကာလများထက် ၁ ဒသမ ၁ ဒီဂရီပို၍ ပူနွေးလာကြောင်း တင်ပြထားသည်။
စက်မှုခေတ်ရောက်သည့်အခါ ကာဗွန်စုပ်ယူမှု များပြားလာသောကြောင့် ပင်လယ် ရေမျက်နှာပြင်မှာ မြင့်တက်လာပြီး သမုဒ္ဒရာတွင် အက်စစ်ဓာတ်မှာလည်း ၂၆ ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယခုပုံစံအတိုင်း ဆက်လက်သွားမည်ဆိုရင် ၂၁၀ဝ ရောက်လျှင် ကမ္ဘာကြီး၏ အပူချိန်မှာ ၃ ဒသမ ၄ ဒီဂရီအထိ မြင့်တက်လာနိုင်ကြောင်း အဆိုပါအစီရင်ခံစာတွင် သတိပေးထားသည်။ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကလည်း ယခုအချက်အလက်များကို ဂရုစိုက်ကြရန်နှင့် ချက်ချင်းအရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တိုက်တွန်းထားသည်။
အင်န်အိတ်ချ်ကေ


