ကျုံပျော် ၂၄ စက်တင်ဘာ
လူငယ်များ ခေတ်နှင့်အညီ ပေါ်ပေါက်လာသော နည်းပညာများကို စနစ်တကျ သုံးစွဲတတ်စေရန်၊ အသိဉာဏ်ဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ လူငယ်နှင့် နည်းပညာ ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကို ကျုံပျော်မြို့နယ်၊ မြန်ပြည်သားကောင်းကိုယ်ပိုင်အထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် စက်တင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့စကားဝိုင်းတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမန်းဂျော်နီ၊ မြန်ပြည်သားကောင်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစိုးသန်း၊ Book Club အဖွဲ့ဝင် ဆရာကြီး ဦးတင်ဝင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးထွန်းထွန်းဝင်းနှင့် စာရေးဆရာ လမိုးကျော်တို့က ဦးဆောင်ကာ ရှေးခေတ်နှင့် ယခုခေတ်နည်းပညာကွာဟမွုများ၊ ခေတ်မှီနည်းပညာများကို အကျိုးရှိစွာအသုံးချနိုင်စေရေးတို့ကို ဦးဆောင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဒီမိုကရေစီခေတ်တွင် အစိုးရနှင့်ပြည်သူကြား ဆွေးနွေးတိုင်ပင်နိုင်ရန်အတွက် ပြည်သူ့စကားဝိုင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာများ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာဆောင်ရွက်ပေးလျက်ရှိပြီး၊အဆိုပါစကားဝိုင်း တက်ရောက်လာသူများအနေဖြင့် မိမိသိလိုသည့် အချက်အလက်များကိုလည်း ပါဝင်မေးမြန်းဆွေးနွေးနိုင်ကြောင်းဖြင့် သိရသည်။
နေဝန်းရှိန်(ကျုံပျော်)


