ကော့သောင်း  ၂၄ စက်တင်ဘာ 

 

ကော့သောင်းမြို့ပေါ် မောင်းနှင်သွားလာလျှက်ရှိသည့် မော်တော် ဆိုင်ကယ်များတွင် မော်တော်ယာဉ်ဥပဒေနှင့် မညီညွတ်သည့် အသံကျယ် ပါဝါအိတ်ဇောများ၊ အသံကျယ်ဟွန်းများ တပ်ဆင်မောင်းနင် လျှက်ရှိသည့် မော်တော်ဆိုင်ကယ်များမှ သိမ်းဆည်းရမိသည့်   အသံကျယ်ပါဝါအိတ်ဇောများကို  ယနေ့ နံနက်ပိုင်း က  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး ရှေ့ ကွင်းပြင်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ဖျက်ဆီးမှု အစီအစဉ်အား ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့ မှူးတို့၏ ဦးဆောင်မှုဖြင့် ဖျက်ဆီးခြင်းဖြစ်ပြီး ဌာဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့ခံပြည်သူများ၊ သတင်းမီဒီယာများတက်ရောက်ခဲ့ကြသည်။ 

 

ဖျက်ဆီးဆောင်ရွက်မှုတွင် ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ မှ စက်တင်ဘာလအတွင်း ဖမ်းဆီးရမိသည့် အသံကျယ်အိပ်ဇောတပ် မော်တော်ဆိုင်ကယ်အစီး ၉၀ အား ဖမ်းဆီးတရားစွဲဆို၍ ဒဏ်ကြေးငွေများ ပေးဆောင်စေခဲ့ပြီး ဖြုတ်ယူသိမ်းဆည်းထားသည့် အသံကျယ်ပါဝါအိတ်ဇောအလုံး (၉၀) နှင့် အသံကျယ်ဟွန်း (၃၅) လုံးအား လမ်းကြိတ်စက်ဖြင့် ကြိတ်ခြေဖျက်ဆီးခြင်းဖြစ်ကြောင်း ၊ ယာဉ်စည်းကမ်းနှင့် မညီညွတ်ဘဲ မော်တော်ယာဉ် ဥပဒေများအား ဖောက်ဖျက်ကျူးလွန်၍ လူငယ်အများစုသည် မော်တော်ဆိုင်ကယ်များတွင် အသံကျယ်လောင်သည့် ပါဝါအိတ်ဇောများ အသံကျယ်ဟွန်းများတပ်ဆင်ကာ အရှိန်မြှင့် အပြိုင်အဆိုင် မောင်းနှင်မှုကြောင့် ခရီးသွားပြည်သူများ စိတ်အနှောက်အယှက်နှင့် ဘေးအန္တရာယ်များ ကြုံတွေ့ကြရသဖြင့် စစ်ဆေးအရေးယူကာ ယခုကဲ့သို့ ပညာပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း အမှတ် (၇၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ကော့သောင်း) မှတပ်ဖွဲ့စုမှူး ဒုရဲမှူး မောင်မျိုးထံမှ သိရသည်။

 

ကော့သောင်းခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ မော်တော်ယာဉ် အင်္ဂါရပ်နှင့်မညီညွတ်သည့် စည်းကမ်းမဲ့ ယာဉ်မောင်းသူများ၊ လိုင်စင်မဲ့ ယာဉ် မောင်းနှင်သူများ၊ ပါဝါအိတ်ဇောတပ် မောင်းနှင်သူများအား အများပြည်သူအန္တရာယ် ကင်းရှင်းရေး ပညာပေးလုပ်ငန်းများနှင့် တားဆီးနှိမ်နင်းရေး လုပ်ငန်းများအား စဉ်ဆက်မပြတ် အထူးကြပ်မတ် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)