နေပြည်တော် ၂၄ စက်တင်ဘာ
ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့၏ ၂၄ ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ၂၄ ကြိမ်မြောက်အစည်းအဝေးသို့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ဆွေးနွေးကြပြီး အတွင်းရေးမှူး ဦးသက်နိုင်ဦးက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် ကိစ္စရပ်များအား ဖတ်ကြားတင်ပြသည်။
အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌက လယ်ယာမြေကို အခြားနည်းအသုံးပြုရန် လုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ငန်းအတွက် လျှပ်စစ်မီးရရှိနိုင်မှု၊ လမ်းပန်းဆက်သွယ်ရေးအခြေအနေ၊ အလုပ်သမားများ ရရှိနိုင်မှု၊ မြို့ရွာနှင့် ထိစပ်နိုင်မှု၊ သုံးစွဲရေရရှိနိုင်မှု စသည်တို့အပေါ် အခြေခံရွေးချယ်ရခြင်းဖြစ်ရာ နိုင်ငံ၏ ကုန်ထုတ်စွမ်းအား တိုးတက်ရေးအခြေခံ အဆောက်အဦ ဖြစ်သည့် စက်ရုံအလုပ်ရုံများ တိုးမြင့်တည်ဆောက်ရေးနှင့် နိုင်ငံတော်၏ စားနပ်ရိက္ခာ ဖူလုံရေး စသည့်အချက်များနှင့် အဓိကသက်ဆိုင်သည့် လယ်ယာမြေများမလျော့ပါးရေး၊ အဟန့်အတား မဖြစ်စေရေး၊ ကန့်သတ်ချက်မဖြစ်စေရေးတို့ကို သဟဇာတညီညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
လျော့နည်းဆုံးရှုံးသွားသည့် လယ်ယာမြေများအတွက် လယ်ယာမြေများ အစားထိုး ဖော်ထုတ်နိုင်ရေးအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများမှ စိုက်ပျိုးမှု တည်ငြိမ်မှုရှိလာသော မြေများကို လယ်ယာမြေအဖြစ် ပြောင်းလဲခြင်းနည်းလမ်း အပါအဝင် နည်းပေါင်းစုံဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတရုံး၏ ၃-၈-၂၀၁၉ ရက်စွဲပါ စာအမှတ်၊ ၅၁၁(၅၉၄)/၁၂/ သမ္မတရုံးဖြင့်ခရိုင်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာ တိုးချဲ့ဖွဲ့စည်းခြင်းကိစ္စတွင် “လယ်မြေ/ ယာမြေ/ သစ်တောမြေ/ သတ္တုတွင်းမြေ/ မြေလွတ်/ မြေရိုင်းများဖြစ်ပါက ဆိုင်ရာဌာန/ အဖွဲ့များ၏ အခြားနည်းအသုံးပြုခွင့်ပါရှိရမည်” ဟု လမ်းညွှန်အကြောင်းကြားထားပြီးဖြစ်ရာ လယ်ယာမြေအခြား နည်းအသုံးပြုခွင့် လျှောက်ထားမှုများအား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံတော်သမ္မတရုံးတို့၏ လမ်းညွှန်မှုများနှင့်အညီ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုတိုးမြင့်လာမှသာ နိုင်ငံစီးပွားဖွံ့ဖြိုးလာရေးအဓိက အထောက်ကူဖြစ်သည့်အတွက် မဖြစ်မနေခွင့်ပြုရမည့် ကိစ္စများတွင် အနည်းဆုံးလိုအပ်ချက်ကိုသာ စိစစ်ခွင့်ပြုရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အတွင်းရေးမှူး ဦးသက်နိုင်ဦးက နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တွင် ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများ၌ ပါဝင်သွားသောမြေဧရိယာများအတွက် လျော်ကြေး/ နစ်နာကြေး ပေးချေနိုင်ရေးဆိုင်ရာ ကိစ္စ၊ မြို့မြေတိုးချဲ့ရန် သိမ်းဆည်းထားသည့် လယ်ယာမြေများအတွက် လျော်ကြေးပေးချေနိုင်ရေးဆိုင်ရာကိစ္စ၊ မြို့သစ်စီမံကိန်းတွင်ပါဝင်သွားသည့် လယ်ယာမြေများအတွက် လျော်ကြေးပေးချေနိုင်ရေးကိစ္စနှင့် အစည်းအဝေးကဆွေးနွေး ဆုံးဖြတ်ရမည့် လုပ်ငန်းစဉ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက စိစစ်ထောက်ခံပေးပို့တင်ပြလာသည့် လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် လုပ်ငန်းစာတွဲ (၁၂၁)တွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တင်ပြချက်များအပေါ် အစည်းအဝေးတက်ရောက်လာကြသူများက လယ်ယာမြေ ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆွေးနွေးဆုံးဖြတ်ကြပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက ဖြေရှင်းဆောင်ရွက်လျက်ရှိသော လယ်ယာမြေမှုခင်းဆိုင်ရာ ကိစ္စရပ်များကို စိစစ်ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်


