၂၄ စက်တင်ဘာ
အင်ဒိုနီးရှားနိုင်ငံက တောမီးကြောင့် လေထုညစ်ညမ်းမှုကနေ ကလေးငယ် ၁၀ သန်းနီးပါးရဲ့ ကျန်းမာရေးကို သက်ရောက်မှုရှိလာနိုင်ကြောင်း ကုလသမဂ္ဂက ဒီကနေ့ သတိပေးထုတ်ပြန်လိုက်ပါတယ်။ ပညာရှင်တွေက တောမီးကနေ ဖန်လုံအိမ်ဓါတ်ငွေ့အမြောက်အများကို ထုတ်လွှင့်နေတယ်လို့ ပြောဆိုနေချိန်မှာ ကုလသမဂ္ဂရဲ့ သတိပေးချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။
တောမီးကြောင့် အရှေ့တောင်အာရှတဝိုက်မှာ အဆိပ်မီးခိုးငွေ့တွေ ပျံ့လွှင့်တဲ့အတွက် ကျောင်းတွေနဲ့ လေဆိပ်တွေ ပိတ်ထားရသလို လူတွေဟာ မျက်နှာဖုံးတွေ တပ်ဆင်ထားရခြင်းနဲ့ အသက်ရှူလမ်းကြောင်းမှာ ပြဿနာဖြစ်လာတဲ့ ဆေးကုသခံယူရတာမျိုးထိ ဖြစ်လာပါတယ်။
တောမီးဒဏ်ခံနေရတဲ့ ဆူမားတြားနဲ့ ဘော်နီယိုကျွန်းမှာ နေထိုင်တဲ့ အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၀ သန်း နီးပါး အပေါ်သက်ရောက်မှုရှိခြင်း၊ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ လေကြောင့် ကလေးငယ်တွေရဲ့ ကြီးထွားမှုကို သက်ရောက်စေခြင်း၊ ကိုယ်ဝန်လမစေ့ဘဲ မွေးဖွားခြင်း၊ နှစ်စဉ်မသန့်ရှင်းတဲ့လေကို ရှူရှိုက်နေရတဲ့ကလေးငယ်တွေရဲ့ ကျန်းမာရေးကို ဆိုးကျိုးသက်စေခြင်း၊ မကျန်းမာတဲ့အတွက် ကျောင်းပျက်ခြင်းပါ ဖြစ်စေကြောင်း ယူနီဆက်အဖွဲ့က ဒီဘိုရာ ကိုမီနီက ပြောပါတယ်။
အင်ဒိုနီးရှားတောမီးကထွက်လာတဲ့ မီးခိုးငွေ့တွေကြောင့် ထောင်ချီတဲ့ကျောင်းတွေ ပိတ်ထားရတဲ့အတွက် သန်းချီတဲ့လူငယ်တွေ စာသင်ခန်းတွေနဲ့ ဝေးရာကို ရောက်နေရကြောင်း သိရပါတယ်။
အင်ဒိုနီးရှားတောမီးဟာ ၂၀၁၅ ခုနှစ်ကစပြီး ဒီနှစ်တောမီးဟာ ရာသီဥတုက ပူပြင်းလွန်းတဲ့အတွက် အလွန်ဆိုးဝါးကြောင်း ပြောပါတယ်။
MDN
ကိုးကား - AFP