ရန်ကုန်မြို့ ၂၄ စက်တင်ဘာ
၇ ကြိမ်မြောက် မြန်မာ-စင်ကာပူ ဝန်ကြီးအဆင့် ပူးတွဲလုပ်ငန်းကော်မတီအစည်းအဝေးကို ယနေ့တွင် ရန်ကုန်မြို့၊ Melia Yangon Hotel ၌ ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် စင်ကာပူ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး Mr. Chan Chun Sing တို့က ပူးတွဲဉက္ကဋ္ဌများအဖြစ် ဆောင်ရွက်၍ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု၊ လေကြောင်းပို့ဆောင်ရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့် အစားအသောက်ကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ၊ ဥပဒေ အကြံပေး ဝန်ဆောင်မှု ကဏ္ဍကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအဝေး၌ မြန်မာ-စင်ကာပူ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေး သဘောတူစာချုပ်ကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး အဆိုပါ သဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်းဖြင့် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုကောင်းမွန်သည့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းတစ်ရပ် ဖန်တီးပေးနိုင်မည်ဖြစ်ရာ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကိုလည်း ပိုမိုမြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများအနက် လေးပုံတစ်ပုံကျော်သည် စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံခန့်ရှိသည်။ စင်ကာပူနိုင်ငံသည် ယခုအချိန်အထိ မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်မှု မိတ်ဖက်နိုင်ငံတစ်နိုင်ငံအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်လျက်ရှိသည်။
အစည်းအဝေးသို့ သက်ဆိုင်ရာဌာနအသီးသီးမှ အရာရှိများနှင့် မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ စုစုပေါင်း ကိုယ်စားလှယ် (၇၀) တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်


